Dr. Noble

Dr. Noble

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Noble, အမှတ် ၅၅၉(ခ)၊ အနော်ရထာလမ်း၊ ၂၀ ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။, Yangon.

N-Notable
O-Optimal
B-Bio.Psycho.Social approach
L-Leveraging
E-Ethical

💡 Sharing knowledge accumulated over 17 years in holistic health spectrum
⚠️ No online medical service

01/04/2026

🍀 အပူဒဏ်ကြောင့် အသက်အန္တရာယ် မဖြစ်အောင် ဒါတွေကို ခွဲခြားသိပါသလား❓​

နွေရာသီ အပူရှိန်ပြင်းလာတဲ့အခါ ရိုးရိုးပင်ပန်းတာလား၊ အသက်အန္တရာယ်ရှိတဲ့ အခြေအနေလားဆိုတာ ခွဲခြားနိုင်ဖို့ အရေးကြီးပါတယ်။

၁။ Heat Exhaustion (အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်း)
ဒါကတော့​ ခန္ဓာကိုယ်က အပူဒဏ်ကို မခံနိုင်တော့ကြောင်း သတိပေးတဲ့ အခြေအနေပါ။

လက္ခဏာတွေအနေနဲ့
-ချွေးအလွန်အမင်း ထွက်ခြင်း။
-အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်ပြီး အေးစက်စိုစွတ်နေခြင်း။
-နှလုံးခုန်မြန်ပြီး​ သွေးဖိအား​(Pulse ​Volume) နည်းနေခြင်း။
-ပျို့အန်ခြင်း၊ ကြွက်တက်ခြင်း။
-ခေါင်းမူးခြင်း၊ အားအင်ကုန်ခမ်းခြင်း။

ဘာလုပ်ရမလဲ❓​
✅​ အေးမြတဲ့နေရာ/အရိပ်ထဲကို အမြန်ရွှေ့ပါ။
✅ အဝတ်အစား ခပ်ပွပွ ချောင်ချောင်ချိချိ ဝတ်ပါ။
✅ ရေအေးအေး (သို့မဟုတ်) ဓာတ်ဆားရည်ကို တဖြည်းဖြည်းချင်း သောက်ပါ။
✅​ ရေပတ်တိုက်ပေးပါ။

၂။ Heat Stroke (ပြင်းထန်အပူလျှပ်ခြင်း)
ဒါကတော့​ ချက်ချင်း မကုသရင် အသက်အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေအနေပါ။

လက္ခဏာတွေအနေနဲ့
-သတိလစ်ခြင်း၊ ဂယောင်ခြောက်ခြားဖြစ်ခြင်း။
-တက်ခြင်း၊ ခေါင်းကိုက်ခြင်း။
- ခန္ဓာကိုယ်အပူချိန် အလွန်မြင့်ခြင်း (104'F / 40'C နှင့်အထက်)
-အရေပြား ပူပြီး ခြောက်သွေ့နေခြင်း (ချွေးမထွက်တော့ခြင်း)

-နှလုံးခုန် အလွန်မြန်ခြင်း။

ဘာလုပ်ရမလဲ❓​
-ချက်ချင်း လူနာတင်ယာဉ်ခေါ်ပြီး​ ဆေးရုံ အရေးပေါ်ဌာနသို့ ပို့ပါ။
-ဆေးရုံမရောက်ခင်အထိ လူနာကို အေးအောင် အစွမ်းကုန် လုပ်ပေးပါ။ (ရေခဲအိတ်ကပ်ခြင်း၊ ရေစိုဝတ်ဖြင့် ပတ်ပေးခြင်း)
-သတိပြုရမှာ​က​ လူနာသတိမရှိရင် ရေအတင်းမတိုက်ပါနဲ့ (အဆုတ်ထဲ ရေသည်းနိုင်လို့ပါ)

​သိပ်မပြင်းထန်တဲ့ Heat Exhaustion လား❓
အသက်အန္တရာယ်ရှိတဲ့ Heat Stroke လား❓
အရေးပေါ်အခြေအနေမှာ ဘယ်လို​ခန့်မှန်းမလဲ...

​၁။ လူနာက သတိရှိသေးလား?

​နုံးနေပေမယ့် သတိရှိရင်- Heat Exhaustion (အပူကြောင့် နုံးတာပါ)

​သတိလစ်ရင်၊ ဂယောင်ဂတန်းဖြစ်နေရင်- Heat Stroke (ပြင်းထန်​ အပူလျှပ်တာ)

​၂။ ချွေးထွက်နေလား?

​ချွေးတွေရွှဲနေရင်- Heat Exhaustion။

​ချွေး​လုံးဝ​ မထွက်တော့ဘဲ အသားတွေ ပူခြောက်နေရင်- Heat Stroke။

​၃။ ကိုယ်ပူချိန် ဘယ်လောက်ရှိလဲ?

​၁၀၃ အောက်ဆိုရင်- Heat Exhaustion။

​၁၀၄ အထက် အပြင်းအထန်ဖျားရင်- Heat Stroke။

​၄။ ဘာလုပ်ရမလဲ?

​Heat Exhaustion- အရိပ်ထဲနား၊ ရေနဲ့ဓာတ်ဆားရည်သောက်ရင် သက်သာနိုင်ပါတယ်။

​Heat Stroke- ချက်ချင်း ဆေးရုံပို့ပါ။ အသက်အန္တရာယ်ရှိလို့ အချိန်ဆွဲလို့ မရပါဘူး။

⚠️​သတိထားရမှာက Heat exhaustion အခြေအနေ​ကနေ​ ပြင်းထန်​ ​Heat Stroke အဖြစ်ကို​ ရောက်ရှိသွားနိုင်တာမို့လို့၊ Heat exhaustion အဆင့်ဆိုရင်တောင် လုံးဝပေါ့ဆလို့မရတာပါ။

နွေပူပူမှာ ကျန်းမာအောင် ဘယ်လိုနေထိုင်မလဲ❓​

-Water First
ရေငတ်တဲ့အထိ မစောင့်ပါနဲ့။ တစ်နာရီကို ရေ (၂) ခွက်ခန့် ပုံမှန်သောက်ပါ။

-Peak Hours
မွန်းတည့် ၁၂ နာရီကနေ ညနေ ၄ နာရီအတွင်း အပြင်ထွက်ခြင်းနဲ့ ပြင်းထန်တဲ့ အားကစားလုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။

-Clothing
နေရောင်ပြန်ဟပ်တဲ့ အရောင်ဖျော့ဖျော့၊ ချည်သားအင်္ကျီတွေကို ရွေးချယ်ဝတ်ဆင်ပါ။

🍀​အထက်ဖော်ပြပါအချက်အလက်တွေက​ အရေးပေါ်အခြေအနေအတွက်​ခန့်မှန်း​လို့ရ​အောင်​ ဖော်ပြပေးထားတာဖြစ်ပြီး​ နီးစပ်ရာ​ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူဖို့မမေ့ပါနဲ့။

🍀​33charms_Make your life easier

25/12/2025

🍀ဗောက် (Dandruff) လား❓
🍀ဦးရေပြားခြောက်တာ (Dry Scalp) လား❓

ခေါင်းကုတ်လိုက်ရင် အဖြူဖတ်လေးတွေ ဖွားခနဲ ကျလာပြီဆိုတာနဲ့ ကျနော်တို့က ဗောက်ထတာပဲလို့ ချက်ချင်း ယူဆလိုက်ကြပါတယ်။

ပြီးရင် ဗောက်ပျောက်ခေါင်းလျှော်ရည် အပြင်းစားတွေ သွားဝယ်သုံးကြပါရော။

ဒါပေမဲ့ တကယ်တမ်းကျတော့ ဒီအခြေအနေက ဗောက် (Dandruff) မဟုတ်ဘဲ ဦးရေပြားခြောက်သွေ့ခြင်း (Dry Scalp) ဖြစ်နေနိုင်ပါတယ်။
ဒီနှစ်ခုက လက္ခဏာဆင်တူပေမယ့် ကုသရမယ့်နည်းလမ်းက လုံးဝ ဆန့်ကျင်ဘက်ပါပဲ။

ဗောက် (Dandruff) ဆိုတာ❓
သူက​ ဦးရေပြား အဆီပြန်လွန်းတာကြောင့် အဓိကဖြစ်တာပါ။
ဦးရေပြားက အဆီတွေ အများကြီးထွက်မယ်၊ ပြီးရင် မှိုပိုး (Malassezia) ပေါက်ပွားပြီး ယားယံမယ်။
အဖတ်တွေက နည်းနည်းကြီးတယ်၊ အဆီပြန်လို့ စေးကပ်ကပ်ဖြစ်နေတယ်၊ အရောင်က အဝါရောင် သန်းပါတယ်။
ဦးရေပြားအခြေအနေက အဆီပြန်နေပါမယ်။ (
ဒါက​ မှိုပိုး၊ အဆီပြန်ခြင်း၊ ဟော်မုန်းအပြောင်းအလဲတေ၏ေကြောင့် အဖြစ်များတာပါ။

ဦးရေပြားခြောက်သွေ့ခြင်း (Dry Scalp) ဆိုတာ❓
သူကတော့ ခန္ဓာကိုယ်အသားအရေ ခြောက်သလိုပါပဲ။ ဦးရေပြားမှာ အစိုဓာတ်မရှိလို့ ဖြစ်တာပါ။
အဖတ်တွေက သေးငယ်တယ်၊ ခြောက်သွေ့တယ်၊ အဖြူရောင် ဖွေးဖွေးလေးတွေ ဖြစ်ပြီး ပခုံးပေါ်မှာ နှင်းမှုန်ကျသလို ရှိနေတတ်ပါတယ်။
ဦးရေပြားအခြေအနေက ခြောက်သွေ့ပြီး တင်းနေသလို ခံစားရပါတယ်။
ဒါက ရာသီဥတုအေးခြင်ူ၊ ရေနွေးပူပူနဲ့ ခေါင်းလျှော်ခြင်း၊ ခေါင်းလျှော်ရည်ပြင်းပြင်း သုံးမိခြင်း​ စတာတွေကြောင့် အဖြစ်များပါတယ်။

💡 ဘာကြောင့် ခွဲခြားသိဖို့ လိုတာလဲ❓
ဒါက အရေးကြီးဆုံးအချက်ပါပဲ။

တကယ်လို့ ကိုယ်က Dry Scalp ဖြစ်နေတာကို ဗောက်ထတယ်ထင်ပြီး ဗောက်ပျောက်ခေါင်းလျှော်ရည် (Anti-dandruff shampoo) တွေ သုံးလိုက်ရင် ဦးရေပြားက ပိုခြောက်သွေ့သွားပြီး အခြေအနေ ပိုဆိုးသွားပါလိမ့်မယ်။
တကယ်လို့ Dandruff ဖြစ်နေတာကို ဆီတွေထပ်လိမ်းပြီး ပေါင်းတင်နေရင်လည်း မှိုတွေအတွက် အစာကျွေးသလိုဖြစ်ပြီး ဗောက်ပိုထပါလိမ့်မယ်။

🕵️ စမ်းသပ်ကြည့်လို့ရမလဲ❓

အဖြူဖတ်လေးကို လက်ညှိုးနဲ့ လက်မကြား ထည့်ပွတ်ကြည့်ပါ။ အဆီမပါဘဲ ခြောက်နေရင် Dry Scalp ပါ။ စေးကပ်ကပ်ဖြစ်နေရင် Dandruff ပါ။

အိမ်တွင်း ကုသနည်း❓
Dry Scalp အတွက် ရေနွေးပူပူ ရှောင်ပါ။ Moisturizing Shampoo (အစိုဓာတ်ထိန်းပေးသော ခေါင်းလျှော်ရည်) သုံးပါ။
ဆံသားအားဖြည့်ဆီ (Hair Oil) တစ်ခုခု သုံးပေးနိုင်ပါတယ်။

Dandruff အတွက်​ကတော့​ ဆရာဝန်ညွှန်ကြားတဲ့​အတိုင်း​ ဗောက်​ပျောက်​ ခေါင်းလျှော်ရည်ကို သုံးပေးပါ။ ခေါင်းကို ပုံမှန်လျှော်ပြီး အဆီမပြန်အောင် ထားပါ။

ကိုယ့်ပြဿနာက ဘာလဲဆိုတာ မသေချာဘူး၊ လက္ခဏာ​က​လည်း ရက်တာရှည်နေပြီဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်/အရေပြားဆရာဝန်နဲ့တိုင်ပင် ဖို့လိုအပ်နေပါပြီ။

33Charms_Make your life easier

#ကျန်းမာရေး

26/11/2025

"နာကျင်စရာလားဟေ့... ဝင်ခဲ့လေကွယ်"​
🔥ကျနော်တို့​ ခန္ဓာကိုယ်မှာရှိတဲ့ နာကျင်မှု​တံခါး​တွေ အကြောင်း

စားပွဲစွန်းနဲ့ ခြေသလုံး တိုက်မိတဲ့အခါ "အမေ​လေး၊ အမ​ လေး​"လို့ အော်ပြီး ဒဏ်ရာကို လက်နဲ့ ပွတ်သပ်ဖူးကြတယ်မလား❓

ထူးခြားတာက အဲဒီလို ပွတ်လိုက်ရင် နာတာ ဘာလို့ သက်သာသွားသလဲဆိုတာပါပဲ။
ဒါဟာ စိတ်သက်သာရာ ရသွားရုံသက်သက်ပဲ မဟုတ်ပါဘူး။
ကျနော်တို့​ရဲ့​ ခန္ဓာကိုယ်မှာရှိတဲ့ Pain Gate လို့ခေါ်တဲ့ နာကျင်မှု​တွေ​ ဝင်ထွက်ရာ တံခါးပေါက်ရဲ့ အလုပ်လုပ်ပုံစနစ်ကြောင့် ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဆေးမသောက်ဘဲ နာကျင်မှုကို သက်သာစေမယ့် ခန္ဓာကိုယ်ရဲ့ ဒီလျှို့ဝှက်တံခါးလေးအကြောင်း ပြောပြပေးချင်ပါတယ်။

၁၉၆၅ ခုနှစ်မှာ Melzack & Wall ဆိုတဲ့​ ပညာရှင်နှစ်ဦးက Gate Theory of pain ကို​ တင်ပြခဲ့ပါတယ်။
အဲဒါကတော့ "နာကျင်မှုတွေက ဦးနှောက်ဆီ တန်းရောက်သွားတာ မဟုတ်ဘူး၊ ခါးရိုးဆစ် (Spinal Cord) မှာရှိတဲ့ ဂိတ်တံခါးကို အရင်ဖြတ်ရတယ်" ဆိုတာပါပဲ။

ဒီဂိတ်တံခါးမှာ အလုပ်လုပ်တဲ့ "ဒရဝမ်" (၂) ဦး ရှိပါတယ်။

(၁) "တံခါးဖွင့်" ဒရဝမ်များ (Small Fibers-Spinothalamic tract)
ဒါကတော့ နာကျင်မှု သတင်းပို့တဲ့ သူတွေပါ။
ဒဏ်ရာရတာနဲ့ သူတို့က ဂိတ်တံခါးကို အတင်းဖွင့်ပြီး ဦးနှောက်ဆီကို "နာကျင်နေပြီဗျို့" လို့ လှမ်းအော်ပါတယ်။
ဒါကြောင့် သင် နာကျင်မှုကို ခံစားရတာပါ။

(၂) "တံခါးပိတ်" ဒရဝမ်များ (Large Fibers-Dorsal tract)
သူတို့ကျတော့ ထိတွေ့မှု၊ ဖိအားနဲ့ တုန်ခါမှုတွေကို သယ်ဆောင်သူတွေပါ။
သူတို့က နာကျင်​မှုကို​သတင်းပို့တဲ့ ဒရဝမ်တွေထက် ပိုမြန်ပါတယ်။ သူတို့ ရောက်လာရင် ဂိတ်တံခါးကို ပိတ်ချလိုက်ပြီး နာကျင်မှုသတင်းတွေကို ဦးနှောက်ဆီ မရောက်အောင် တားဆီးပေးပါတယ်။

✅ ဒဏ်ရာကို ပွတ်သပ်လိုက်တာက "တံခါးပိတ် ဒရဝမ်" (Large Fibers) တွေကို လှုံ့ဆော်ပေးတာနဲ့တူပါတယ်။
သူတို့က ဂိတ်ကို ဦးအောင် သွားပိတ်လိုက်လို့ နာတာ သက်သာသွားတာပေါ့။



၁။ လွမ်းစရာရှိရင် နာစရာနဲ့ဖြေ ဆိုသလို.....

ဒါကြောင့်​ ထိခိုက်မိတဲ့အခါ၊ ဒါမှမဟုတ် ကိုက်ခဲနေတဲ့ နေရာကို ညင်ညင်သာသာ ပွတ်သပ်၊ နှိပ်နယ်ပေးတာ၊ ရေနွေးအိတ်ကပ်တာတွေက Large Fibers တွေကို အားကောင်းစေပြီး နာကျင်မှုတံခါးကို ပိတ်စေတာဖြစ်ပါတယ်။
ဒါကြောင့်လည်း အနှိပ်ခံရရင် နေလို့ကောင်းသွားတတ်တာပါ။

၂။ ဦးနှောက်ထဲကလား၊ ရင်ဘတ်ထဲကလား...

နာကျင်ခံစားချက်တွေရဲ့ ဂိတ်တံခါးကို ဦးနှောက်ကနေလည်း အဖွင့်၊အပိတ် လှမ်းလုပ်လို့ရပါတယ်။
စိတ်ဝင်စားဖို့​ကောင်းတဲ့​ ရုပ်ရှင်ကြည့်တာ၊ သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာတွေ လုပ်နေချိန်မှာ ဦးနှောက်က "Pain Gate" ကို ပိတ်ထားဖို့ အမိန့်ပေးလေ့ရှိပါတယ်။
နာကျင်မှု​တစ်ခုကို​ ပိုပြီး​အာရုံစိုက်ထားရင်​ ဦးနှောက်​ရဲ့​တွေးခေါ်​ပုံက​ "Pain Gate" ကို​ ပိုပွင့်စေတတ်ပါတယ်။
စိတ်ညစ်နေရင် ပိုနာတတ်ပြီး၊ ပျော်နေရင် အနာ သက်သာတာ ဒီသဘောတရားပါပဲ။

၃။ TENS နည်းပညာ❓
Physiotherapy ကာယကုထုံး ဆေးခန်းတွေမှာ အဓိကသုံးတဲ့ Tens နည်းပညာဟာ ဒီသီအိုရီကို အခြေခံထားတာပါ။
အရေပြားကို လျှပ်စစ်လှိုင်း အပျော့စားလေးတွေ ပေးလိုက်တဲ့အခါ နာကျင်မှုလမ်းကြောင်းကို ပိတ်ဆို့ပြီး သက်သာစေပါတယ်။

✅ "နာကျင်မှုဆိုတာ ခန္ဓာကိုယ်ရဲ့ အချက်ပြမှု တစ်ခုသာ ဖြစ်ပါတယ်။
အဲဒီ အချက်ပြမှုကို တံခါးဖွင့်ပေးမလား၊ ပိတ်ထားမလား ဆိုတာ ဒရဝမ်တွေနဲ့ သင့်ရဲ့စိတ်အခြေအနေအပေါ် အများကြီး မူတည်နေပါတယ်

ဒါကြောင့် နောက်တစ်ခါ နာကျင်ကိုက်ခဲမှုတွေနဲ့ ကြုံလာရင် ထိတ်လန့်မနေဘဲ
✅ အသက်ပြင်းပြင်းရှူပါ (စိတ်ငြိမ်သက်လာရင် တံခါးပိတ်ပါတယ်)
✅ ညင်ညင်သာသာ နှိပ်နယ်ပါ သို့မဟုတ် အာရုံလွှဲပါ
✅ သင့်​ဆရာဝန်​နဲ့တိုင်ပင်ပါ။

သင့်နာကျင်မှုတံခါးတွေကို​ အဖွင့်အပိတ်လုပ်ပေးနေတဲ့ နာကျင်မှုဒရဝမ်​လေးတွေကို​လည်း​ ပျော်ရွှင်အောင်ထားနိုင်ကြပါစေ။

☘️Sharing is Caring☘️

🍀33 Charms - Make Your Life Easier🍀

https://www.facebook.com/share/17Ps1PAWga/

#ကျန်းမာရေး

23/11/2025

👀 မျက်တောင်​ အပြည့်အဝ ခတ်​ဖို့​မေ့​နေတဲ့​ မျိုးဆက်​ရဲ့​မျက်စိပြဿနာ

"မျက်ရည်" ဆိုတာကို ကျနော်တို့က ဝမ်းနည်းမှ၊ ဒါမှမဟုတ် မျက်လုံးထဲ ဖုန်ဝင်​မှ​ ထွက်ကျလာတဲ့အရာလို့ မြင်တတ်ကြတယ်။
ဒီထက်ပိုတာက "မျက်ရည်" ဆိုတာ မျက်စိထဲမှာ ပုံမှန်အတိုင်းအတာတစ်ခုအထိ​ အမြဲရှိနေတတ်တဲ့၊ သဘာဝတရားက ပေးထားတဲ့ အကောင်းဆုံး​ အကာအကွယ်တစ်ခု​လည်း​ ဖြစ်နေပါတယ်။
ဒီနေ့ခေတ်မှာ လူတော်တော်များများ ခံစားနေရတဲ့ Dry Eye (မျက်သားခြောက်ခြင်း) ဆိုတာ တကယ်တော့ မျက်လုံးထဲမှာ ရေဓာတ်ခမ်းခြောက်သွားတာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။
ဒါဟာ ကျနော်တို့ရဲ့ မျက်ရည်ဖွဲ့စည်းပုံ ပျက်စီးသွားခြင်း (Tear Instability) တစ်ခုပါ။

❓ မျက်ရည်ဆိုတာ ရေဓါတ်​ချည်း​ သက်သက်လား​
ဒါက စိတ်ဝင်စားဖို့အကောင်းဆုံး အချက်ပါပဲ။ ကျန်းမာတဲ့ မျက်ရည်အလွှာမှာ အလွှာ (၃) ခု ပါဝင်ပါတယ်။

(၁) အချွဲလွှာ (Mucus Layer)
မျက်ရည်ကို မျက်လုံးမျက်နှာပြင်မှာ ကပ်နေအောင် ထိန်းပေးတယ်။

(၂) ရေလွှာ (Water Layer)
မျက်လုံးကို သန့်စင်စေပြီး ရေဓာတ်ဖြည့်ပေးတယ်။

(၃) အဆီလွှာ (Oil Layer)
ရေငွေ့တွေ အလွယ်တကူ ပြန်မခြောက်သွားအောင် အပေါ်ဆုံးကနေ ဖုံးအုပ်ပေးတယ်။

❓Dry Eye ဖြစ်တယ်ဆိုတာ
အပေါ်ဆုံးက ဖုံးအုပ်ထားပေးရမယ့် "အဆီလွှာ"က ပါးလွှာသွားတဲ့အခါ၊ အောက်က ရေဓါတ်တွေ အလွယ်တကူအငွေ့ပျံသွားပြီး မျက်လုံးက ခြောက်သွေ့စပ်ဖျင်းလာတော့တာပါပဲ။
ရေ ဘယ်လောက်သောက်သောက်၊ မျက်စဉ်း ဘယ်လောက်ခတ်ခတ် ခဏပဲ သက်သာပြီး ပြန်ဖြစ်နေတာ ဒီသဘောတရားကြောင့်ပါ။

❓ဘာလို့​ အဆီလွှာက ပါးလာတတ်သလဲ

မျက်ခွံအပေါ်နဲ့ အောက်မှာ Meibomian Glands လို့ခေါ်တဲ့ အဆီထုတ်တဲ့စက်ရုံလေးတွေ ရှိပါတယ်။
ကျနော်တို့ မျက်တောင်ခတ်လိုက်တဲ့အခါ အပေါ်မျက်ခွံနဲ့ အောက်မျက်ခွံ "ထိ" သွားမှ အဲဒီ Glands လေးတွေ အညှစ်ခံရပြီး အဆီထွက်လာတာပါ။
ဒီဘက်ခေတ်မှာ Phone/Computer အကြည့်များတဲ့အခါ ကျနော်တို့က မျက်တောင်ကို အဆုံးထိ ပိတ်အောင် မခတ်တော့ပါဘူး။
ဒီလို​ Partial blink တစ်ဝက်ပဲ ခတ်တဲ့အခါ Glands တွေကို​ သေချာ​ မလှုံ့ဆော်သလိုဖြစ်ပြီး အဆီတွေက အပြင်မထွက်ဘဲ အထဲမှာ အောင်းနေပါတော့တယ်။
ဒါ့အပြင်​ ပုံမှန်လူတစ်ယောက်ဟာ တစ်မိနစ်ကို (၁၅) ကြိမ်လောက် မျက်တောင်ခတ်ပါတယ်။ ဒါပေမဲ့ ဖုန်း သို့မဟုတ် ကွန်ပျူတာ သုံးနေချိန်မှာတော့ အကြိမ် (၅) ကြိမ်လောက်အထိ လျော့ကျသွားပါတယ်။
မိုးရွာထဲမှာ​ ကားတစ်စီးဟာ Wiper မခါဘဲ မောင်းနေသလိုပါပဲ။ ကြာလာတဲ့အခါ မျက်သားက ကြမ်းတမ်းလာပြီး အမြင်အာရုံတွေ ဝေဝါးလာပါလိမ့်မယ်။

အခြားအကြောင်းအရင်းတွေအနေနဲ့​ Air-con ခန်းထဲမှာ ကြာကြာနေခြင်း၊ အသက်အရွယ်ရလာခြင်း​စတာတွေကြောင့်လည်း​ ဖြစ်နိုင်ပါသေး
တယ်။

❓ဘယ်လို ကာကွယ်ကြမလဲ

မျက်စဉ်းခတ်တာက ကုသခြင်းဖြစ်ပေမဲ့၊ ကာကွယ်ခြင်းကတော့ သင့်ရဲ့ နေ့စဥ်ဘဝထဲမှာ ရှိနေပါတယ်။

၁။ ပြောနေကျအတိုင်း ၂၀ - ၂၀ - ၂၀ စည်းမျဉ်း​ကို​ သတိရပါ။
Screen ကို မိနစ် (၂၀) ကြည့်ပြီးတိုင်း၊ ပေ (၂၀) အကွာကို စက္ကန့် (၂၀) လောက် ငေးကြည့်ပေးပါ။ ဒါဟာ မျက်လုံးရဲ့ ကြွက်သားတွေကို အကြောဆန့်ပေးလိုက်တာပါပဲ။

၂။ Blink Consciously - သတိထားပြီး မျက်တောင်ခတ်ပါ။
Screen ကြည့်နေရင်း "ငါ မျက်တောင်ခတ်ရမယ်" လို့ ကိုယ့်ကိုယ်ကို သတိပေးပါ။ မျက်ခွံကို အပေါ်နဲ့အောက် သေချာထိမိအောင် ပိတ်ပြီး ခတ်ပေးပါ။ ဒါမှ Meibomian Glands လို့ခေါ်တဲ့ အဆီထုတ်ဂလင်းလေးတွေ ပွင့်လာမယ်မဟုတ်လား။

၃။ ပတ်ဝန်းကျင်ကို သတိထားပါ။

ပန်ကာလေ မျက်လုံးထဲတည့်တည့် တိုးတာမျိုး ရှောင်ပါ။
လေတိုး​တဲ့အခြေအနေတွေက ကားစီး၊ စက်ဘီးစီးရတာကြောင့်ဆိုရင် မျက်မှန်အကာအကွယ်ယူပါ။
​ AC ခန်းထဲမှာနေရင် ရေများများသောက်ပါ။

📝မျက်လုံးဆိုတာ ကမ္ဘာကြီးကို ဆက်သွယ်ပေးတဲ့ တံခါးပေါက်ပါ။ တံခါးပတ္တာတွေ ခြောက်သွေ့ပြီး အသံမြည်လာမှ ဆီထည့်တာထက်၊ နေ့စဉ် ပုံမှန် ဂရုစိုက်ပေးတာက ပိုကောင်းပါတယ်။

☘️Sharing is Caring☘️

🍀 33 Charms - Make your life easier

https://www.facebook.com/share/17Ps1PAWga/

#ကျန်းမာရေးဗဟုသုတ

19/11/2025

⚡️ ဓါတ်လိုက်ခြင်း (Electrocution) - ပြင်ပလက္ခဏာ​ မရှိရင်လည်း ပေါ့ဆ၍မရပါ ⚡️

ကိုထူးကြီး(အမည်လွှဲ)တစ်ယောက်​ ညာဘက်လက်မောင်းကို ဖိထားရင်း ဆေးခန်းကို ရောက်ချလာတယ်။
ရေမော်တာစမ်းရင်းကနေ ဓါတ်လိုက်တာ တစ်မိနစ်လောက်ကြာသတဲ့။ ဘေးလူကိုတော့ အော်ခေါ်နိုင်တဲ့အနေအထား၊ ဒါနဲ့​ ဘေးက​ တစ်ယောက်က​ ကယ်ဖို့ဝင်ဆွဲတော့ သူပါ​ ဓါတ်လိုက်မလိုဖြစ်ပြီး၊ ကံသီတော့ နှစ်ယောက်စလုံး​ လွတ်လာတယ်။
ကိုထူးကြီးကတော့ သတိမလစ်၊ ထိခိုက်မှုကြီးကြီးမားမားမရှိဘဲ လက်မောင်းရင်းက ပြင်းပြင်းထန်ထန် နာနေတာပဲရှိတယ်။ Vital Signs (အသက်ရှင်မှု လက္ခဏာ) နဲ့ ECG က လတ်တလောမှာ ပုံမှန်ပြနေပေမဲ့ ဒီပြင်းအားနဲ့ ကြာချိန်ကြောင့် ဆေးရုံမှာ စောင့်ကြည့်ဖို့ လိုတယ်ဆိုတာကို နားဝင်အောင် မနည်းပြောလွှတ်လိုက်ရတယ်...။

လျှပ်စစ်ဓါတ်လိုက်တဲ့​ ဖြစ်စဥ်တွေဟာ​ ပတ်ဝန်းကျင်မှာ မကြာခဏကြုံနေရတဲ့ အဖြစ်အပျက်တစ်ခုပါ။
ပြင်းထန်မှုမရှိရင်လည်း ဆေးခန်းကိုမရောက်လာသလို ​အရမ်းပြင်းထန်ရင်လည်း ဆေးရုံကို တန်းပြီးရောက်သွားကြတာဖြစ်ပါတယ်။
ပြဿနာက Moderate intensity ဖြစ်တဲ့​ ပြင်းထန်​သလို၊ မပြင်းထန်​သလို​ အခြေအနေပါ။ ဒီလို စောင့်ကြည့်​ရမယ့်​အခြေအနေတွေ​မှာ​ လူနာရဲ့ အခြေအနေက ချက်ချင်းမဆိုးရွားဘဲ ပုံမှန်လိုလိုဖြစ်နေရင်တောင် ပေါ့ဆလို့မရပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ပြင်ပမှာမမြင်သာတဲ့
အတွင်းဒဏ်ရာ​တွေက​ လျှပ်စစ်ဓါတ်စီးအား နဲ့ ဓါတ်လိုက်တဲ့ကြာချိန်ပေါ် မူတည်ပါတယ်။
လျှပ်စီးကြောင်းက နှလုံးရဲ့ သဘာဝလျှပ်စစ်စနစ်ကို ချက်ချင်း ဖျက်ဆီးပစ်နိုင်သလို၊ ချက်ချင်း မဟုတ်ဘဲ နာရီအနည်းငယ်ကြာမှ နှလုံးခုန်နှုန်း မမှန်တာ (Delayed Cardiac Arrhythmia) ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
အရေးပေါ်​ ECG စစ်ဆေးချိန်မှာ ပုံမှန်ဖြစ်နေနိုင်ပေမဲ့၊ နောက်ပိုင်းမှာ ရုတ်တရက် Ventricular Fibrillation လိုမျိုး အသက်အန္တရာယ်ရှိတဲ့ ပြဿနာတွေ ဖြစ်လာပြီး ရုတ်တရက် နှလုံးရပ်သွားနိုင်ပါတယ်။
ဒါကြောင့် အနည်းဆုံး ၆ နာရီမှ ၂၄ နာရီအထိ နှလုံးအခြေအနေကို စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
နောက်တစ်ချက်က ဓါတ်လိုက်တဲ့အခါ ဓါတ်အားကြောင့် ကြွက်သားဆဲလ်တွေ ပျက်စီး နိုင်ပါတယ်။
ဒီလို​ ပျက်စီးရာကနေ Myoglobin လို့ခေါ်တဲ့ ဓာတ်တစ်မျိုးက သွေးကြောထဲ ရောက်လာပြီး ကျောက်ကပ်မှာ ပိတ်ဆို့ကာ ကျောက်ကပ်ပျက်စီးမှု (Acute Kidney Injury) ဖြစ်စေတတ်ပါတယ်။
ဒါ့အပြင် အာရုံကြောတွေကို ထိခိုက်စေ​နိုင်တာ​ကြောင့် ရုတ်တရက်ဖြစ်စေ၊ ရက်သတ္တပတ်၊ လပေါင်းများစွာကြာမှဖြစ်စေ အာရုံကြောဆိုင်ရာ ပြဿနာတွေ ပေါ်လာနိုင်ပါသေးတယ်။

ကိုထူးကြီးရဲ့ အခြေအနေက​တော့​ လက်မောင်းအောင့်နေတာမှအပ တခြား​နေလို့​ မကောင်းတာဘာမှ မရှိဘူးဆိုပေမယ့်​ ဓါတ်လိုက်တဲ့ကြာချိန် (Duration of Contact) က တစ်မိနစ်ခန့် ရှိသွားတာဟာ အတွင်းပိုင်းတစ်ရှူးတွေ ကို အပူဒဏ်ကြောင့် ပြင်းထန်စွာ ပျက်စီးစေဖို့ အခွင့်အလမ်း ပိုများစေတာ တကြောင်း၊ ဘေးလူကိုပါ ကူးစက်လိုက်ခြင်းက ဓါတ်အား​ ပမာဏကြီးမားတာကို​ ပြသနေတာ တကြောင်းကြောင့် ဆေးရုံတက်ပြီး စနစ်တကျ စောင့်ကြည့်ကုသမှု​ ခံယူဖို့ အလွန်အရေးကြီး​ကြောင်း​ ရှင်းပြလိုက်ရပါတယ်။

☘️Sharing is Caring☘️

🍀33 Charms - Make Your Life Easier🍀

https://www.facebook.com/share/17Ps1PAWga/

#ဓါတ်လိုက်ခြင်း​ #ကျန်းမာရေး​

18/11/2025

😴အိပ်ပျော်ဖို့ မကြိုးစားပါနဲ့။

တချို့သူတွေအတွက်ကတော့ ခေါင်းချလိုက်တာနဲ့ အိပ်ပျော်တတ်ပေမယ့် တချို့တွေကတော့ အိပ်ပျော်ဖို့​အချိန်ယူရပါတယ်။

တခါတလေ​မှာ​ အိပ်ပျော်ဖို့ ကြိုးစားလေလေ၊ ပိုပြီး​ အိပ်မပျော်လေလေ​ ဖြစ်တတ်​ကြတာကို သင်​ သတိထားမိပါသလား​❓

တကယ်တော့ အိပ်စက်ခြင်းဆိုတာ နေ့စဥ်နဲ့အမျှကြုံနေရတဲ့ မတော်တဆဖြစ်စဉ် တစ်ခုပါ။ ဒါကို ကျနော်တို့က အာရုံစိုက်ပြီး အတင်းအကြပ် ထိန်းချုပ်လို့ မရနိုင်ပါဘူး။ အတင်းအကြပ်​ ထိန်းချုပ်ဖို့ ကြိုးစားလေလေ၊ အိပ်ရေးပျက်ပြီး စိတ်တိုစရာကောင်းတဲ့ အခြေအနေကို ပိုရောက်သွားနိုင်လေလေပါပဲ။

​ အိပ်ပျော်ဖို့ မကြိုးစားသင့်တဲ့​ အကြောင်းအရင်း​"The Paradox of Insomnia" ကို ရှင်းပြပေးပါမယ်။

အဓိက​ဖြစ်စေတာကတော့ "အိပ်မပျော်မှာကို စိုးရိမ်ခြင်း" (Performance Anxiety) ကြောင့်ပဲဖြစ်ပါတယ်။

"ဒီညတော့​ ငါ​ မြန်မြန် အိပ်ပျော်ရမယ်" ဆိုတဲ့​ ကြိုးစားချင်စိတ်က ကိုယ့်ကိုယ်ကို ဖိအားပေးလိုက်တဲ့အခါ၊ အိပ်မပျော်မှာကို စိုးရိမ်လာတယ်။ ဒီစိုးရိမ်စိတ်ကနေ စိတ်ဖိစီးမှုဟော်မုန်း​ဖြစ်တဲ့​ Cortisol ထွက်လာပြီး ခန္ဓာကိုယ်ကို နိုးကြားစေတဲ့အခြေအနေ (Fight or Flight mode)ထဲ ရောက်သွားစေပါတယ်။

အဲဒီအခါ နှလုံးခုန်နှုန်းတွေ မြန်လာမယ်၊ အသက်ရှူနှုန်းတွေ မြန်လာမယ်၊ စိတ်တွေ လှုပ်ရှားလာမယ်။ ဒါဟာ အိပ်စက်ခြင်းရဲ့ ဆန့်ကျင်ဘက် အခြေအနေတစ်ခုဖြစ်ပါတယ်။ အဲ့ဒီအခါ​ အိပ်ဖို့​ ကြိုးစားတိုင်း၊ စိတ်တွေက ပိုပြီး လှုပ်ရှား၊ ပိုပြီး နိုးကြားလာပါတော့တယ်။
အဲ့ဒီနောက်မှာ အတွေးပေါင်းစုံဝင်လာပြီး အိပ်မပျော်တာကို ပိုဆိုးစေပါတယ်။

အိပ်စက်ခြင်းဟာ လိုက်ရင်ပြေးတတ်တဲ့ အချို့သူတွေလိုပါပဲ။ အတင်းလိုက်ဖမ်းရင် လွတ်သွားလိမ့်မယ်။ လွှတ်ပေးလိုက်တဲ့အခါကျမှ ကိုယ့်အနားကို ပြန်ရောက်လာတတ်တယ်။

မရောက်လာတော့လည်း ရှိစေတော့လို့ မှတ်ပေါ့လေ။

❓သင့်မှာရော ကြိုးစားပြီးအိပ်လေ၊ ပိုပြီး​ အိပ်လို့မရလေဆိုတဲ့ အဖြစ်မျိုး ရှိခဲ့ဖူးပါသလား။

ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လိုကျော်ဖြတ်ခဲ့သလဲ ပြန်လည်မျှဝေပေးခဲ့လို့ ရပါတယ်။

☘️Sharing is Caring☘️

🍀33 Charms - Make Your Life Easier🍀

https://www.facebook.com/share/17Ps1PAWga/

#ကျန်းမာရေး #အိပ်မပျော်

16/11/2025

Cognitive dissonance ဆိုသည်မှာ​ ❓

​ လူတွေဟာ မိမိ​ရဲ့​လက်ခံထားတဲ့​ ​အသိ​အမြင်​နဲ့ မိမိရဲ့အပြုအမူတွေ မကိုက်ညီတဲ့အခါ စိတ်ထဲမှာ မအီမသာ၊ မသက်မသာ ခံစားရတတ်ပါတယ်။ ဒါကို​ Cognitive Dissonance လို့ခေါ်ပါတယ်။ ဒီသီအိုရီကို ၁၉၅၇ ခုနှစ်မှာ စိတ်ပညာရှင် Leon Festinger က တင်ပြခဲ့တာပါ။
လူတိုင်းဟာ ကိုယ့်လုပ်ရပ်နဲ့ ကိုယ်လက်ခံထားတဲ့ အသိအမြင်တွေ သဟဇာတဖြစ်နေဖို့ လိုချင်ကြလို့ ဒီလို မကိုက်ညီမှုဖြစ်ရင် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု ဖြစ်လာတတ်ပါတယ်။
ဥပမာဆိုရရင် လက်ခံထားတဲ့​အသိအမြင်က​ "ဆေးလိပ်သောက်တာ ကျန်းမာရေးအတွက်​ မကောင်းဘူး" လို့​ သိထားပေမယ့် ကိုယ့်ရဲ့အပြုအမူက "ဆေးလိပ် သောက်နေတယ်"ဆိုပါစို့။ ဒီလို​ အသိနဲ့ အပြုအမူ​ဟာ​ ဆန့်ကျင်ဘက်ဖြစ်နေလို့ စိတ်မအီမသာ ဖြစ်ရတတ်ပါတယ်။

ဒါပေမယ့် ကျနော်တို့​ဟာ​ ​ဒီလို စိတ်မသက်မသာဖြစ်ရတာကို လျှော့ချဖို့အတွက် နည်းလမ်း​ ၃ မျိုးနဲ့ ဖြေရှင်းတတ်ကြပါသတဲ့။

​၁။ အပြုအမူကို ပြောင်းလိုက်ခြင်း
ဥပမာ​- ဆေးလိပ် ချက်ချင်း ဖြတ်လိုက်တာ။

၂။ လက်ခံထားတဲ့​အသိအမြင်ကို ပြောင်းလဲလိုက်ခြင်း (အတွေး​အဟောင်း​ကို​ ပြောင်း ခြင်း)​
ဥပမာ- "ဆေးလိပ်သောက်ပြီး အသက်ရှည်နေတဲ့ သူတွေ​လည်း​ တပုံကြီးပါ၊ ဆေးလိပ်​သောက်တိုင်းလည်း ကျန်းမာရေး​ထိခိုက်တာ​ မဟုတ်ပါဘူး"​

​၃။ ဆင်ခြေကောင်းကောင်း ပေးလိုက်ခြင်း (အတွေးအသစ် ထည့်ခြင်း)
​ဥပမာ- "ဆေးလိပ်သောက်ရင် အာရုံစိုက်လို့ပိုကောင်းသွားလို့ အလုပ်မှာ ပိုအဆင်ပြေတယ်" လို့ ကိုယ့်လုပ်ရပ်ကို ဆင်ခြေပေးပြီး လက်ခံလိုက်ခြင်း။

💡 ဒီလိုနည်းလမ်းတွေနဲ့ ကျနော်တို့ဟာ ကိုယ်သိထားတဲ့ အသိအမြင်နဲ့ ကိုယ့်ရဲ့အပြုအမူ တသမတ်တည်းဖြစ်နေဖို့အတွက်​ကို​ ချိန်ညှိနေထိုင်တတ်ကြပါတယ်။
Cognitive Dissonance Theory ဟာ ဘယ်အရာက မှန်တယ်၊ ဘယ်အရာက မှားတယ်ဆိုတာကို ပြောတာမဟုတ်ပါဘူး။
​ ဒါဟာ လူတွေ စဉ်းစားတွေးခေါ်ပုံနဲ့ အပြုအမူ​ဟာ​ ဘယ်လို​ အပြန်အလှန်သက်ရောက်နေသလဲဆိုတာကို ဖော်ပြတဲ့ psychological phenomena တစ်ခုဖြစ်ပါတယ်။
🍀Sharing is caring🍀

☘️33 Charms - Make your life easier☘️

https://www.facebook.com/share/17Ps1PAWga/

#ကျန်းမာရေး​

04/11/2025

❤️‍🔥Burnout (စိတ်ကုန်ခမ်းခြင်း)

Burnout ဆိုတာကတော့ စိတ်ဖိစီးမှုတွေ အရမ်းများတာကို အချိန်အကြာကြီး ခံစားနေရလို့ စိတ်ရော၊ ကိုယ်ပါ လုံးဝ အားကုန်သွားတာ ကို ပြောတာပါ။
ရိုးရိုး Stress (ဖိစီးမှု) နဲ့တော့ မတူပါဘူး။ Stress က အလုပ်တွေများလို့ ခဏတာ ပင်ပန်းတာမျိုး၊ အလုပ်ပြီးရင် ပြန်ကောင်းသွားတာမျိုးပါ။ ဒါပေမဲ့ Burnout ကတော့ အဲဒီဖိစီးမှုဒဏ်ကို မနိုင်တော့ဘဲ အတွင်းထဲက အားအင်တွေ အကုန်လုံး မီးလောင်ကျွမ်းသွားသလို လုံးဝ ပျက်စီးသွားတာမျိုး ဖြစ်ပါတယ်။

❓Burnout ရဲ့ အဓိက လက္ခဏာ (၃) ခုက ဘာတွေလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အဓိက လက္ခဏာ ၃ ခုကို ဖော်ပြထားပါတယ်။
၁။ 🤯 အားအင် လုံးဝ ကုန်ခန်းတာ (Exhaustion)
ဘယ်လောက် အိပ်အိပ်၊ နားနား မလန်းဆန်းဘဲ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေတာမျိုးပါ။ စိတ်ရောကိုယ်ပါ မလုပ်ချင်တော့တာမျိုးပါ။

၂။ 😒 အလုပ်ကို စိတ်မပါတော့တာ (Cynicism)
ကိုယ့်ရဲ့အလုပ်၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ် မကောင်းမြင်စိတ်တွေ၊ စိတ်ပျက်အားငယ်မှုတွေ ဝင်လာတာမျိုးပါ။ အလုပ်နဲ့ စိတ်ခံစားမှုအရ ဝေးကွာလာတာမျိုးပါ။

၃။ 📉 အလုပ် လုပ်နိုင်စွမ်း ကျဆင်းတာ (Reduced Efficacy)
အာရုံစိုက်ရခက်ပြီး အရင်ကလို အလုပ်ကို ကောင်းကောင်း မလုပ်နိုင်တော့တာ၊ ကိုယ့်ကိုယ်ကို အရည်အချင်း မရှိတော့ဘူးလို့ ခံစားရတာမျိုး ဖြစ်ပါတယ်။

❓Burnout ကို ဖြေရှင်းဖို့ အရေးကြီးဆုံး (၃) ချက်
ဒီလိုမျိုး အားအင်ကုန်ခမ်းမှုဒဏ်ကို ပြန်လည် ကုစားဖို့အတွက် အရေးကြီးဆုံး လုပ်ဆောင်သင့်တဲ့ အချက် ၃ ချက်ကတော့

၁။ 🚫 နယ်နိမိတ် သတ်မှတ်ပါ
အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို ရှင်းရှင်းလင်းလင်း ခွဲခြားပါ။ ကိုယ်တိုင် ဘယ်လောက်ထိ တာဝန်ယူနိုင်လဲဆိုတာကို သိပြီး ကိုယ်မလုပ်နိုင်တဲ့အရာကို "မလုပ်နိုင်ဘူး" လို့ ပြတ်ပြတ်သားသား ပြောတတ်ဖို့ လိုပါတယ်။

၂။ 🛀 သေချာ အနားယူပါ
အလုပ်များနေရင်တောင် အရည်အသွေးပြည့်ဝတဲ့ အိပ်ချိန် နဲ့ နေ့စဉ် ခဏတာ အနားယူချိန် (Break) ယူဖို့ကို ဦးစားပေးပါ။ အနားယူတတ်ခြင်းကသာ ရေရှည်အတွက် အားပြန်ပြည့်စေတာပါ။

၃။ 💬 အကူအညီ တောင်းခံပါ
ကိုယ့်ရဲ့ စိတ်ကို နားလည်ပေးနိုင်တဲ့ သူငယ်ချင်း၊ မိသားစုနဲ့ ဆွေးနွေးပါ။ လိုအပ်ရင်တော့ စိတ်ကျန်းမာရေးပညာရှင် ဒါမှမဟုတ် ဆရာဝန်နဲ့ ပြသပြီး အကြံဉာဏ်နဲ့ ကုသမှု ခံယူဖို့ မတွန့်ဆုတ်ပါနဲ့။

🍀Sharing is caring🍀

#ကျန်းမာရေး​

31/10/2025

💰 ဆေးကုမ္ပဏီကြီးတွေရဲ့ 'အသဲစွဲ' ဖြစ်လာတဲ့ ဖြည့်စွက်စာဈေးကွက်

ကျန်းမာရေးအာဟာရတန်ဖိုး​နည်းပါးလို့၊ အစားအစာအတုတွေလို့ တင်စားကြတဲ့ processed food တွေနဲ့​ အစားအစာထုတ်လုပ်ရာမှာသုံးတဲ့ ဓါတုပစ္စည်းတွေရဲ့ အန္တရာယ်​ကြောင့်​ ကမ္ဘာတဝန်းမှာ လူတွေက ကျန်းမာရေးကို ပိုဂရုစိုက်လာကြပါတယ်။ သဘာဝကရတဲ့ အစားအစာ၊ အော်ဂန်းနစ်​ trend ပြန်​ရောက်တာနဲ့အမျှ​ သဘာဝအသီးအနှံတွေကို ရွေးချယ်​ခြင်း​ထက်​ အသီးအနှံ​အစားထိုး​ Processed​ food လို့​ပြောလို့ရတဲ့ ဗီတာမင်နဲ့သတ္တုဓါတ်ဖြည့်စွက်ဆေးဝါး​တွေက တဖန်နေရာ​ယူလာတာဖြစ်ပါတယ်။
ယနေ့ ကျန်းမာရေးလောကမှာ ဖြည့်စွက်စာ (Dietary Supplements) စျေးကွက်ဟာ အလွန်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီး ဖြစ်လာပါပြီ။ ဒါကြောင့်မို့လို့ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေက ဒီဈေးကွက်ကို အင်မတန်မှ စိတ်ဝင်စားပြီး ဝင်ရောက်လာရတဲ့ အဓိက အကြောင်းရင်းတွေကိုပြောပြပေးပါမယ်။

၁။ လွယ်ကူမြန်ဆန်တဲ့ ဝင်ငွေလမ်းကြောင်း
ဖြည့်စွက်ဆေးဝါးတွေက အခြားကုသရေးဆေးဝါးတွေနဲ့ယှဥ်ရင်​ အမြတ်အစွန်းပိုများပါတယ်။
ပုံမှန်ဆေးဝါးအသစ်တစ်မျိုး ထုတ်လုပ်ဖို့ဆိုရင် သုတေသနလုပ်ရမယ်၊ စမ်းသပ်ရမယ်၊ ခွင့်ပြုချက်ရဖို့ နှစ်ပေါင်းများစွာ အချိန်ယူရပြီး ငွေကြေးများစွာ သုံးရပါတယ်။ ဖြည့်စွက်စာတွေကတော့ စည်းမျဉ်းစည်းကမ်းတွေက လျော့ရဲ တဲ့အတွက် ထုတ်လုပ်မှု ပိုမြန်​ပြီး​ ကုန်ကျစရိတ်လည်း သက်သာတာပါ။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှု နည်းနည်းနဲ့ အမြတ်များများ ရနိုင်တဲ့​အတွက်​ ဖြစ်ပါတယ်။

၂။ စည်းမျဥ်းတင်းကြပ်မှုမရှိခြင်း(The Regulatory Advantage)
အခြားဆေးဝါးတွေလို ထိရောက်မှုနဲ့ ဘေးကင်းမှုကို တင်းကျပ်တဲ့ ဆေးပညာ စမ်းသပ်မှုတွေ (Clinical Trials) နဲ့ သက်သေပြဖို့ ဖြည့်စွက်စာတွေကို ဥပဒေအရ တောင်းဆိုလေ့ မရှိပါဘူး။ ဒါကြောင့် ဆေးတောင့်​ ရိုက်စက်ရှိတဲ့ ကုမ္ပဏီတိုင်းက ထုတ်ကုန်တွေကို လျင်မြန်စွာ ထုတ်လုပ်ပြီး စျေးကွက်တင်နိုင်ပါတယ်။
စျေးကွက်လိုအပ်ချက်အရ Processed
Food အစားအသောက်တွေမှာ​တောင် Vitamins and Minerals အမည်အချို့တွေ ကပ်ပါလာနေတာကို တွေ့ရမှာပါ။

၃။ စားသုံးသူတွေရဲ့ စိတ်နေစိတ်ထား ပြောင်းလဲလာမှု
လူတွေဟာ ရောဂါဖြစ်မှ ဆေးသောက်ကုသတာထက် ကြိုတင်ကာကွယ်မှု (Prevention) ကို ပိုအာရုံစိုက်လာကြတယ်။ သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်တယ်လို့ ဆိုထားတဲ့ ဖြည့်စွက်စာတွေက ရိုးရာဆေးဝါးတွေထက် ဘေးထွက်ဆိုးကျိုး နည်းမယ်လို့လည်း ယူဆမိစေပါတယ်။ ဒါဟာ​သုတေသန​အာမခံချက်မရှိပေမယ့် စျေးကွက်ရောင်းအားမြှင့်တင်ဖို့ အာမခံချက်သဖွယ် ပြောဆိုရေးသားမှုတွေရှိလာတာကြောင့် Ethic အရ အငြင်းပွားမှုတွေရှိနေတာပါ။

ခေတ်သစ် လူနေမှုပုံစံကြောင့် ပုံမှန်စားသောက်မှုတွေမှာ အာဟာရ​ မပြည့်စုံလာကြတဲ့အခါ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ကိုယ်ခံအားမြှင့်တင်တဲ့ ဖြည့်စွက်စာတွေကို လိုလိုလားလား ဝယ်ယူလာကြသလို အော်ဂန်းနစ်​ Trend​ နောက်ကို ပြန်လိုက်လာကြတာဖြစ်ပါတယ်။

🚨 တန်ဆေး လွန်ဘေးဆိုတာ လူတိုင်းသိကြပြီးသားပါ။ ဒီနေရာမှာ ဖြည့်စွက်စာ​ သောက်သုံးသူတွေ သတိထားသင့်တဲ့ အချက်တစ်ခုကတော့ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေ (A, D, E, K) ဟာ ရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေ (B, C) ထက် အဆိပ်သင့်နိုင်ခြေ ပိုများတယ်ဆိုတဲ့ အချက်ပါ။
အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေဟာ ဆီး၊ ချွေး​ ကတဆင့် ခန္ဓာကိုယ်ကနေ အလွယ်တကူ စွန့်ထုတ်လို့မရဘဲ အသည်းနဲ့ အဆီတစ်ရှူးတွေမှာ စုဆောင်း မိနေပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ပမာဏတွေ စုမိပြီး များလာတဲ့အခါ ဗီတာမင် A ဆိုရင် အသည်းကို ထိခိုက်တာ၊ ဗီတာမင် D ဆိုရင် သွေးထဲမှာ ကယ်လ်ဆီယမ်တွေ အရမ်းများလာပြီး ကျောက်ကပ်ကို ပျက်စီးစေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ဖြည့်စွက်စာတွေကို သက်ဆိုင်ရာဆရာဝန်/အာဟာရ​ဆရာဝန်​​ ညွှန်ကြားထားတဲ့ ပမာဏအတိုင်းသာ တိတိကျကျ သောက်သုံးဖို့ အရေးကြီးတာဖြစ်ပါတယ်။

#ကျန်းမာရေး​ #ဖြည့်စွက်စာ #အဆိပ်သင့်ခြင်း

30/10/2025

"ငါ​ လေ့ကျင့်ခန်းတွေလည်း လုပ်နေတာပဲ၊ အစားအသောက်တွေလည်း ထိန်းတယ်၊ စိတ်ဖိစီးစရာလည်းမရှိ၊ အိပ်ချိန်လည်းမှန်တယ်၊ ဒါပေမဲ့ ဘာလို့ ကိုယ်အလေးချိန်က ဆက်မကျတော့တာလဲ..."​

ကိုယ်တိုင်က ကြိုးစားပမ်းစား ဝိတ်ချလာပေမယ့် ရုတ်တရက် ကိုယ်အလေးချိန်က ထပ်မကျတော့ဘဲ ရပ်တန့်သွားတာကို Weight Loss Plateau လို့ ခေါ်ပါတယ်။
Plateau ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက ခန္ဓာကိုယ်ရဲ့ စွမ်းအင်ချွေတာရေးစနစ် (Metabolic Adaptation)ကြောင့်ဖြစ်ပါတယ်။
ဒီလိုဖြစ်ရတာဟာ ခန္ဓာကိုယ်ရဲ့ သဘာဝ "ရှင်သန်မှုစနစ်-​Survival Mode" က အလုပ်စလုပ်လာလို့ပါ။ ခန္ဓာကိုယ်က အချိန်ကြာကြာ ကယ်လိုရီ နည်းနည်းပဲ ရလာတဲ့အခါ၊ ဒါကို အစာငတ်မွတ်မှုလို့ မှတ်ယူပြီး စွမ်းအင်တွေ စပြီး ချွေတာပါတော့တယ်။ ဖုန်းမှာ battery saving mode "On" လိုက်သလိုပါပဲ။ ဒါဟာ​ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် (Basal Metabolic Rate)ကို​ နှေးစေတာကြောင့်ဖြစ်ပါတယ်။
ဒီလို အခြေအနေမျိုးမှာ NEAT လို့ခေါ်တဲ့ Non-Exercise Activity Thermogenesis က အရေးပါလာပါတယ်။

❓NEAT ဆိုတာ ဘာလဲ

NEAT ဆိုတာ Gym မှာ သွားလုပ်တဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ မဟုတ်ပါဘူး။ သင့်ရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှု အသေးစားလေးတွေ အားလုံးကနေ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီစုစုပေါင်းကိုခေါ်တာပါ။ ဥပမာ- ဖုန်းပြောရင်း မတ်တပ်ရပ် လမ်းလျှောက်တာ၊ အိမ်သန့်ရှင်းရေး လုပ်တာ၊ ဓာတ်လှေကားထက် ရိုးရိုးလှေကားကို ရွေးတက်တာ၊ အလုပ်မှာငြိမ်ငြိမ်လေးထိုင်မနေဘဲ လှုပ်လှုပ်ရှားရှားနေတာ စတာတွေ ဖြစ်ပါတယ်။

❓NEAT ကို အသုံးပြုပြီး Plateau ကို ဘယ်လို ကျော်လွှားမလဲ

Plateau ဖြစ်လာတဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ Basal metabolism ကို နှေးချလိုက်သလိုပဲ၊ သင် မသိလိုက်ဘဲ နေ့စဉ်လှုပ်ရှားမှု (NEAT) တွေကိုပါ လျှော့ချပစ် ပါတယ်။ ဒါဟာ ခန္ဓာကိုယ်​က​ စွမ်းအင်ကို အစွမ်းကုန် ချွေတာဖို့ သူ့အလိုလိုကြိုးစားနေတာပါ။
ကိုယ်အလေးချိန် လျှော့ချရာမှာ ကြိုးပမ်းရတဲ့​ ပင်ပန်းမှုတွေကြောင့် မသိစိတ်ကနေ အစားအသောက်တွေ ပိုစားမိတာ၊ လှုပ်ရှားမှု နည်းသွားတာဟာ သင် စည်းကမ်းလိုက်နာမှုအားနည်းတာ မဟုတ်ပါဘူး။ ဒါဟာ 'Weight Loss Plateau' ရဲ့ ဇီဝကမ္မတုံ့ပြန်မှု (Biological Response) ကြောင့် ဖြစ်ပါတယ်။
လပေါင်းများစွာ ကြိုးစားချခဲ့တဲ့ ကိုယ်အလေးချိန်ဟာ ရက်ပိုင်းလောက်​ အစားများမိရုံနဲ့ အမြန်ပြန်တက်လာတတ်ခြင်းကလည်း ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်နှုန်း (Basal Metabolic Rate) နှေးသွားတာကြောင့် ကယ်လိုရီတွေပိုလျှံပြီး အဆီအဖြစ်နဲ့​ ပြန်လည်သိုလှောင်လိုက်လို့ ဖြစ်ပါတယ်။

❓ NEAT ကို မြှင့်တင်ခြင်းရဲ့ အကျိုးကျေးဇူးတွေ
NEAT လှုပ်ရှားမှုတွေကို​တိုးမြှင့်လိုက်တာဟာ Gym မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်တာလောက် စိတ်ဖိစီးမှုဟော်မုန်း Cortisol ကို မြင့်တက်မလာစေဘဲ၊ အဆီဝိတ်ကျခြင်းကို ထောက်ပံ့ပေးနိုင်ပါတယ်။
ဒါကြောင့်မို့လို့ Plateau ဖြစ်လာရင်၊ လေ့ကျင့်ခန်းအပြင်းအထန်​ တိုးလုပ်တာ၊ အစားအသောက်​တင်းကြမ်း​ ထပ်လျှော့တာမျိုးမလုပ်ပါနဲ့။
နေ့စဉ်ဘဝမှာ ပေါ့ပေါ့ပါပါးဖြစ်တဲ့ လှုပ်ရှားမှုအနည်းငယ်ကို တိုးမြှင့်လိုက်ပြီး ကျနော်တို့​ ခန္ဓာကိုယ်​ကို​ ပြန်လှည့်စားပေးဖို့ လိုအပ်နေတာဖြစ်ပါတယ်။

#ကျန်းမာရေး​

28/10/2025

🧠 ဦးနှောက်ထဲက နှလုံးသား (Limbic System) အကြောင်း

"ဒေါသထွက်တာ၊ ပျော်ရွှင်တာ၊ မှတ်ဉာဏ်တွေ ကောင်းတာ၊ ဒါတွေအားလုံး ဘယ်ကလာလဲ?"
ဒီမေးခွန်းရဲ့ အဖြေက ကျွန်တော်တို့ ဦးနှောက်ရဲ့ အလယ်ဗဟိုမှာ နက်ရှိုင်းစွာ တည်ရှိနေတဲ့ Limbic System ဆိုတဲ့​ အာရုံခံစနစ်ဟာ ကျနော်တို့ရဲ့ "ခံစားချက်တွေရဲ့ ဌာနချုပ်" လို့လည်း ပြောလို့ရပါတယ်။

ဦးနှောက်​ထဲက​ နှလုံးသား(Limbic System) မှာလည်း​ ရင်ဘတ်ထဲက နှလုံးသားလိုပဲ အဓိကကျတဲ့ အခန်း (၄) ခန်း တည်ရှိပါတယ်။ သူတို့ကတော့

၁။ Amygdala
သူက​ "သတိပေး​ ခေါင်းလောင်း" နဲ့တူပါတယ်။
ကိုယ့်အပေါ်မှာ အန္တရာယ်တစ်ခုခု​ ရှိလာရင် သတိထားဖို့​ အချက်ပေးတဲ့သူပါ။ ဒေါသ၊ ကြောက်ရွံ့မှုနဲ့ စိုးရိမ်စိတ်တွေကို ထိန်းချုပ်ပြီး၊ စိတ်ခံစားမှုပြင်းထန်တဲ့ အဖြစ်အပျက်တွေကို မှတ်ဉာဏ်ထဲမှာ ပိုပြီး စွဲမြဲအောင် ပြုလုပ်ပေးပါတယ်။

၂။ Hippocampus
သူကတော့​"မှတ်ဉာဏ်ထိန်းသိမ်းတဲ့သူ"ပါ။
အတွေ့အကြုံအသစ်တွေကို မှတ်ဉာဏ်ထဲ ရောက်အောင် ကူညီပေးတဲ့ နေရာဖြစ်ပြီး "မနေ့က ဘာတွေလုပ်ခဲ့သလဲ"၊ "စာတွေကို ဘယ်လိုကျက်မှတ်ရမလဲ" စတဲ့ သင်ယူမှုတွေနဲ့ မှတ်ဉာဏ်အသစ် တည်ဆောက်တာက သူ့​ရဲ့​ ခြေရာလက်ရာတွေပါပဲ။

၃။ Hypothalamus
သူကတော့ Control centre​ တစ်ခုနဲ့တူလို့ "ကိုယ်ခန္ဓာ ထိန်းချုပ်ခန်း"လို့ပဲ ဆိုရအောင်။
ခန္ဓာကိုယ်ရဲ့ အပူချိန်၊ ရေငတ်တာ၊ ဆာလောင်တာ၊ စိတ်ဖိစီးမှုကို တုံ့ပြန်တာ စတဲ့ အလိုအလျောက်လုပ်ဆောင်ချက် အားလုံးကို ထိန်းချုပ်ပေးပါတယ်။ စိတ်ခံစားမှုတွေကြောင့် နှလုံးခုန်နှုန်းမြန်လာတာ၊ ချွေးထွက်လာတာတွေကိုလည်း သူကပဲ ကိုင်တွယ်ပါတယ်။

(၄) Cingulate Gyrus
သူက "ဆုံးဖြတ်ချက်ချသူ၊ ဟန်ချက်ညှိပေးသူ" ဖြစ်ပါတယ်။
စိတ်ခံစားမှု၊ အပြုအမူနဲ့ မှတ်ဉာဏ်တွေကြားမှာ ချိတ်ဆက်ပေးပြီး ဟန်ချက်ညီအောင် ထိန်းညှိပေးတဲ့ နေရာ ဖြစ်ပါတယ်။ သူတစ်ပါးရဲ့ ခံစားချက်ကို စိတ်ကူးကြည့်နိုင်စွမ်း (Empathy) တို့မှာလည်း အရေးပါပါတယ်။

Limbic system က ဘာလို့ အရေးကြီးတာလဲ❓
Limbic System ဟာ ကျွန်တော်တို့ရဲ့ ရှင်သန်ရေးအတွက် အရေးကြီးတဲ့ မွေးရာပါဗီဇ (Instincts) တွေကို ထုတ်ပေးပါတယ်။
-​ ရှေ့မှာ အန္တရာယ်ရှိရင် ထွက်ပြေးမလား၊ ပြန်တိုက်မလား (Fight or Flight) ဆုံးဖြတ်ဖို့။
-​ စားချင်သောက်ချင်စိတ်တွေကို ထိန်းချုပ်ပေးဖို့။
-​ သင်ယူမှုနဲ့ မှတ်ဉာဏ်တွေကို စီမံခန့်ခွဲပေးဖို့​ဖြစ်ပါတယ်။

ဒီတော့ နောက်တစ်ခါ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်နေတာ၊ စိတ်လှုပ်ရှားနေတာ၊ မှတ်ဥာဏ်တွေကို အလုပ်ပေးနေရတာများနေပြီဆိုရင် ဦးနှောက်ထဲက နှလုံးသား​လေး​ ဘယ်လောက်တောင်​ အလုပ်ရှုပ်နေပြီလဲဆိုတာကို​ သတိထားမိလောက်ပြီထင်ပါတယ်။
Self-love ဆိုတာ​ ကျနော်တို့ရဲ့ Limbic system ကို​ ထိန်းသိမ်းစောင့်ရှောက်ခြင်းတစ်မျိုးပဲ မဟုတ်ပါလား။

🍀Sharing​ is Caring🍀

#ကျန်းမာရေး​

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Address

အမှတ် ၅၅၉(ခ)၊ အနော်ရထာလမ်း၊ ၂၀ ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
Yangon
11401

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00