Lady’s Wellness by Dr OGist
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lady’s Wellness by Dr OGist, Health/Beauty, Yangon.
02/11/2025
POLYCYSTIC OVARIAN SYNDROME (PCOS)
Part (2)
❓PCOS က ရေရှည်ကျန်းမာရေးအတွက် ဘာတွေ သက်ရောက်မှုရှိနိုင်လဲ။
➡️PCOS ရှိပါက အောက်မှာ ဖော်ပြထားတဲ့ ရေရှည်ကျန်းမာရေးပြဿနာများ ခံစားရနိုင်ခြေ ပိုများပါတယ်။
🥏 ဆီးချိုရောဂါ
⭐️သွေးတွင်းသကြားဓာတ်ပုံမှန်မထိန်းနိုင်ပါက ဆီးချိုရောဂါဖြစ်စေနိုင်ပါတယ်။
⭐️PCOS ရှိတဲ့ အမျိုးသမီး ၁၀ ဦးမှာ ၁ ဦးမှ ၂ ဦးခန့်က ဆီးချိုရောဂါဖြစ်ပွါးနိုင်ပါတယ်။
⭐️PCOS ရှိတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ပါက ကိုယ်ဝန်ဆောင်ကာလမှာလည်း ဆီးချိုရောဂါ (ကိုယ်ဝန်ဆောင်ဆီးချို) ဖြစ်နိုင်ခြေ ပိုများပါတယ်။
⭐️PCOS ရှိပြီး အောက်မှာ ဖော်ပြထားတဲ့ အချက်တွေ မိမိမှာ ထပ်ရှိမယ်ဆိုရင် ဆီးချိုဖြစ်နိုင်ခြေ ပိုမိုမြင့်မားပါတယ်။
· အသက် ၄၀ ကျော်ခြင်း
· မိသားစုတွင်ဆီးချိုရောဂါရာဇဝင်ရှိခြင်း
· အရင်ကိုယ်ဝန်ဆောင်ကာလက ဆီးချိုရောဂါဖြစ်ဖူးခြင်း
· အဝလွန်နေခြင်း (BMI ၃၀ ထက်မြင့်ခြင်း)
⭐️ဆီးချိုရောဂါရှိကြောင်း ရောဂါရှာဖွေတွေ့ပါက Lifestyle Changes နဲ့ လိုအပ်ပါက သောက်ဆေး/Insulin ထိုးဆေးနဲ့ သေချာလေး ကုသရပါမယ်။
🥏သွေးတိုးခြင်းနှင့် နှလုံးရောဂါ
⭐️PCOS ရှိတဲ့ အမျိုးသမီးတွေဟာ သွေးတိုးနိုင်ပါတယ်။
⭐️သွေးတိုးခြင်းဟာ PCOS ကြောင့်ထက် အင်ဆူလင်(Insulin)ကိုခုခံခြင်းနှင့် ကိုယ်အလေးချိန်များခြင်း ကြောင့်ဖြစ်နိုင်ခြေပိုများပါတယ် ။
⭐️သွေးတိုးခြင်းဟာ နှလုံးပြဿနာများကိုလည်း ဖြစ်စေနိုင်တဲ့အတွက် ကုသမှုခံယူသင့်ပါတယ်။
🥏ကင်ဆာရောဂါ
⭐️တစ်နှစ်လျှင် ရာသီသုံးကြိမ်ထက်နည်း၍ လာပါက သားအိမ်အတွင်းနံရံ ဟာ ထူလာနိုင်ပြီး အမျိုးသမီးအနည်းငယ်တွင် သားအိမ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။
⭐️ဟော်မုန်းဆေးကိုအသုံးပြုပြီး သားအိမ်အတွင်းနံရံကို ကာကွယ်နိုင်တဲ့ နည်းလမ်းများစွာရှိပါတယ်။
⭐️PCOS ဟာ ရင်သားကင်ဆာ သို့မဟုတ် မျိုးဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေခြင်း မရှိပါ။
🥏စိတ်ကျခြင်းနှင့် စိတ်အတက်အကျမြန်ခြင်း
⭐️PCOS ၏ ရောဂါလက္ခဏာများထဲမှာ အခြားသူများ မည်သို့မြင်မည်ကို စိုးရိမ်စိတ်ဖြစ်စေနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို နည်းစေနိုင်ပါတယ် ။
🥏ဟောက်ခြင်းနှင့် နေ့ခင်းဘက်အိပ်ငိုက်ခြင်း
⭐️PCOS ဟာ နေ့ခင်းဘက် ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းများကို ဖြစ်စေနိုင်ပါတယ်။
⭐️ ဟောက်ခြင်းနှင့်လည်း ဆက်စပ်မှုရှိပါတယ်။
❓ရေရှည်ကျန်းမာရေးအန္တရာယ်များကို ဘယ်လိုလျှော့ချနိုင်မလဲ။
➡️ကျန်းမာတဲ့ နေထိုင်မှုပုံစံ(Healthy Life Style ) ဟာ အဓိကသော့ချက်ဖြစ်ပါတယ် ။
➡️ရေရှည်ကျန်းမာရေးပြဿနာများ ခံစားရနိုင်ခြေကို လျှော့ချရန် အဓိကနည်းလမ်းများမှာ -
⭐️ကျန်းမာရေးနှင့်ညီညွတ်ပြီး မျှတတဲ့ အစားအစာများ စားသုံးပါ - သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ whole foods များ (ဂျုံကြမ်းပေါင်မုန့်၊ ဆန်လုံးညို၊ အခြေခံပြုပြင်ထားခြင်းမရှိတဲ့ ကွေကာအုပ်)၊ အဆီမပါတဲ့ အသား၊ ငါးနှင့် ကြက်သားများ ပါဝင်သင့်ပါတယ်။
⭐️သကြား၊ ဆားနှင့် ကက်ဖိန်း ပါဝင်တဲ့ အစားအစာများကို လျှော့စားပါ။
⭐️နေ့စဉ် ပုံမှန်အချိန်မှန်စားသုံးပါ - အထူးသဖြင့် မနက်စာ စားပါ။
⭐️ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ - (တစ်ပတ်လျှင် အနည်းဆုံးသုံးကြိမ်၊ တစ်ကြိမ်လျှင် မိနစ် ၃၀)။
⭐️BMI ကို ၁၉ မှ ၂၅ အတွင်း ထိန်းထားသင့်ပါတယ် ။
🫧ကိုယ်အလေးချိန် လျှော့ချခြင်း၏ အကျိုးကျေးဇူးများ ကတော့
· အင်ဆူလင်ကိုခုခံခြင်းနှင့် ဆီးချိုရောဂါဖြစ်နိုင်ခြေ လျော့ကျခြင်း
· နှလုံးရောဂါဖြစ်နိုင်ခြေ လျော့ကျခြင်း
· သားအိမ်ကင်ဆာဖြစ်နိုင်ခြေ လျော့ကျခြင်း
· ရာသီသွေး ပုံမှန်ပိုလာခြင်း
· ကိုယ်ဝန်ရရန် အခွင့်အလမ်း ပိုများခြင်း
· ဝက်ခြံသက်သာခြင်းနှင့် အချိန်ကြာလာသည်နှင့်အမျှ အမွေးအမျှင်ပိုထူခြင်း လျော့ပါးခြင်း
· စိတ်ခံစားမှုနှင့် မိမိကိုယ်ကို ယုံကြည်မှု ပိုမိုကောင်းမွန်ခြင်း စတာတွေပဲ ဖြစ်ပါတယ် ။
➡️ကျန်းမာရေးပုံမှန်စစ်ဆေးမှုများ ပြုလုပ်ပါ
⭐️ဆီးချိုရောဂါ: ၁ နှစ်မှ ၃ နှစ်တစ်ကြိမ် ဆီးချိုရောဂါ စစ်ဆေးခံယူသင့်ပါတယ်။
⭐️သားအိမ်ကင်ဆာ: သားအိမ်အတွင်းနံရံ အလွန်အမင်းထူခြင်း အန္တရာယ်ကို လျှော့ချရန် ၃ လမှ ၄ လတစ်ကြိမ် ရာသီသွေးပုံမှန်လာရန် အရေးကြီးပါတယ်။ ရာသီသွေး ၄ လထက်ကြာရှိစွာ မလာပါက ရာသီလာစေရန် ဟော်မုန်းဆေးပြားများ သောက်သုံးရန် လိုအပ်နိုင်ပါတယ် ။·
သွေးတိုးခြင်း: သွေးပေါင်ချိန် နဲ့ ကိုလက်စထရော (Cholestrol)အဆင့်များကို စစ်ဆေးရန် နဲ့ သွေးစစ်ဆေးမှု ခံယူသင့်သလားဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပီး ဆရာဝန် ညွှန်ကြားချက် အတိုင်းစစ်ဆေးသင့်ပါတယ်။
❓PCOS ကို လုံးဝပျောက်ကင်းအောင် ကုသနိုင်ပါသလား။
➡️PCOS ကို လုံးဝပျောက်ကင်းအောင် ကုသနိုင်သော နည်းလမ်းမရှိပါ။
➡️ဆေးကုသမှုများပြုလုပ်ခြင်းဖြင့် PCOS ၏ ရောဂါလက္ခဏာများနှင့် နောက်ဆက်တွဲဆိုးကျိုးများကို ထိန်းသိမ်းရန်နှင့် လျှော့ချရန် ရည်ရွယ်ပါတယ်။
ကျန်းမာရေးနှင့်ညီညွတ်တဲ့ နေထိုင်မှုပုံစံပြောင်းလဲခြင်း (ကိုယ်အလေးချိန်လျှော့ချခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု) ထက် ဆေးဝါးတစ်မျိုးတည်းက ပိုမိုထိရောက်မှု မရှိပါဘူး။
➡️PCOS ရှိတဲ့ အမျိုးသမီးများစွာဟာ ဆေးဝါးကုသမှုမခံယူဘဲ ကျန်းမာရေးနှင့်ညီညွတ်စွာစားသုံးခြင်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းနှင့် ကျန်းမာသောနေထိုင်မှုပုံစံထိန်းသိမ်းခြင်းတို့ဖြင့် ရောဂါလက္ခဏာများနှင့် ရေရှည်ကျန်းမာရေးအန္တရာယ်များကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းလို့ရနိုင်ပါတယ် ။
24/10/2025
POLYCYSTIC OVARIAN SYNDROME (PCOS)
❓PCOS ဆိုတာ ဘာလဲ ။
➡️Polycystic O***y Syndrome (PCOS) ဆိုတာ ရာသီစလာပီးနဲ့ သွေးမဆုံးခင် အရွယ်ကြားရှိအမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဟော်မုန်းမညီမျှမှု တစ်မျိုး ဖြစ်ပါတယ်။
➡️အမျိုးသမီး ၁၀၀ မှာ ၂ ယောက်မှ ၂၆ ယောက်အထိ ကြုံတွေ့ရနိုင်ပါတယ်။
❓ဘယ်လို လက္ခဏာတွေ ပြနိုင်လဲ ။
➡️ဒီဟော်မုန်းမညီမျှမှုကြောင့် အောက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။
· ရာသီမမှန်ခြင်း ဒါမှမဟုတ် ရာသီလုံးဝမလာခြင်း
· မျက်နှာနှင့် ကိုယ်ခန္ဓာပေါ်တွင် အမွေးအမျှင်များ ထူလာခြင်း (hirsutism)
· ဦးရေပြားတွင် ဆံပင်ကျွတ်ခြင်း
· ကိုယ်အလေးချိန်များခြင်း၊ ကိုယ်အလေးချိန်အလျင်အမြန်တက်ခြင်း ဒါမှမဟုတ် ကိုယ်အလေးချိန်ချရခက်ခဲခြင်း
· အဆီပြန်သောအသားအရေ၊ ဝက်ခြံထွက်ခြင်း
· ကိုယ်ဝန်ရရန် ခက်ခဲခြင်း (မျိုးဆက်ပွားနိုင်စွမ်း ကျဆင်းခြင်း)
PCOS ရောဂါကြောင့် စိတ်ကျရောဂါ နှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ လည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
💐တစ်ဦးနှင့်တစ်ဦးတော့ လက္ခဏာပြပုံခြင်း မတူပါဘူး။
အချို့အမျိုးသမီးတွေမှာ လက္ခဏာအလွန်နည်းပြီး သိပ်မပြင်းထန်တတ်ပေမယ့် ၊ တချို့မှာတော့ လက္ခဏာမျိုးစုံ ရှိနေတာမျိုးလည်း ရှိတတ်ပါတယ် ။
❓ရေရှည်မှာရော ဘယ်လို အကျိုးသက်ရောက်မှုရှိနိုင်လဲ ။
➡️PCOS ဟာ ကိုယ်အလေးချိန်များခြင်း (အဝလွန်ခြင်း) နှင့် အင်ဆူလင်ကို ခန္ဓာကိုယ်က တုံ့ပြန်မှုနည်းပါးခြင်း (insulin resistance) တို့နဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် နောကိပိုင်းမှာ အောက်မှာဖော်ပြထားတဲ့ ရောဂါများ ဖြစ်ပွားနိုင်ခြေ ပိုများစေပါတယ်-
• ဆီးချိုရောဂါ (Type 2)
• နှလုံးရောဂါ
စတာတွေပဲ ဖြစ်ပါတယ်။
❓PCOS ရောဂါက ဘာကြောင့် ဖြစ်ရတာလဲ ။
➡️အဓိကအကြောင်းရင်းကို အတိအကျ မသိရပေမယ့် မိမိရဲ့ မိသားစုဝင် (မိခင်၊ အဒေါ်၊ ညီမများ) မှာ PCOS ရှိပါက ဖြစ်နိုင်ခြေ ပိုများပါတယ် ။
❓PCOS ကို ဘယ်လိုရောဂါရှာဖွေအတည်ပြုသလဲ?
➡️Ultrasound မှာ polycystic မျိုးဥအိမ်များ တွေ့ရှိခြင်းကို PCOS ရှိတယ်လို့ တန်းပီး သတ်မှတ်လို့မရပါဘူး ။
➡️PCOS ၏ လက္ခဏာတွေဟာလည်း လာလာပျောက်ပျောက်ဖြစ်တတ်ပြီး ကိုယ်အလေးချိန်တက်ချိန်၊ ကျချိန်နှင့် ဆက်စပ်နေတတ်ပါတယ် ။
🫧🫧🫧အောက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေထဲက နှစ်ရပ်ရှိရင်တော့ PCOS လို့ အတည်ပြုနိုင်ပါတယ် ။
· ရာသီမမှန်ခြင်း၊ ရာသီချိန်ကြာခြင်း (သို့) ရာသီလုံးဝမလာခြင်း
· မျက်နှာနှင့် ကိုယ်ခန္ဓာပေါ်တွင် အမွေးအမျှင်များ ထူလာခြင်း (သို့) သွေးစစ်ဆေးမှုတွင် (Testosterone )တက်စ်တိုစတီရုန်း ပုံမှန်ထက်မြင့်မားနေခြင်း
· Ultrasound မှာ polycystic မျိုးဥအိမ်များ တွေ့ရှိခြင်း တို့ပဲ ဖြစ်ပါတယ် ။
⭐️⭐️⭐️PCOS အကြောင်း နောက်ဆက်တွဲကိုလည်း ဆက်လက် ရေးသားဖော်ပြပါဦးမယ် ။
25/09/2025
ကိုယ်ဝန်ဆောင်ဆီးချို (Gestational Diabetes)
အပိုင်း(၂)
❓ကိုယ်ဝန်ဆောင်ဆီးချို (Gestational Diabetes)ကို ဘယ်လိုစစ်ဆေးမှုတွေ ပြုလုပ်ရင် သိနိုင်မလဲ ။
🤰 အပိုင်း (၁)မှာ ဖော်ပြထားတဲ့ ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်နိုင်ခြေ အန္တရာယ်အချက်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုရှိပါက စစ်ဆေးမှုတစ်ခု ခံယူသင့်ပါတယ် ။
🤰အဲ့ဒီစစ်ဆေးမှုကို ဂလူးကို့စ်ခံနိုင်စွမ်း စစ်ဆေးခြင်း (oral glucose tolerance test - OGTT) လို့ ခေါ်ပါတယ်။
🤰ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေ မြင့်မားမှုရှိပါက ကိုယ်ဝန်ဆောင်ဆီးချိုအတွက် စစ်ဆေးခြင်းကို ကိုယ်ဝန်ဆောင်ချိန် ၈ ပတ်မှ ၁၂ ပတ်ကြားမှာ စစ်ဆေးပါတယ်။
🤰ပထမစစ်ဆေးမှုရလဒ် ပုံမှန်ဖြစ်ပါက ကိုယ်ဝန်၂၄ပတ် မှ၂၈ပတ် အတွင်းမှာ နောက်ထပ် OGTT ထပ်မံစစ်ဆေးပါတယ် ။
🤰ဒါကတော့ ကိိုယ်ဝန်ဆောင် ဆီးချို ရှိမရှိ သိနိုင်တဲ့ စစ်ဆေးမှုပဲ ဖြစ်ပါတယ် ။
❓ကိုယ်ဝန်ဆောင်ဆီးချို (Gestational Diabetes) ဖြစ်ရင် ဘယ်လို ကုသမှု ခံယူရမလဲ ။
🤰ကိုယ်ဝန်ဆောင်ဆီးချိုအတွက် ကုသမှုများ
➡️ကိုယ်ဝန်ဆောင်ဆီးချိုရှိပါက၊ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ခြင်းဖြင့် ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ် ။
➡️အစားအသောက်ကို ပြောင်းလဲခြင်း ဖြစ်နိုင်ရင် လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနှင့် ကိုယ်ဝန်ဆောင် ယောဂကျင့်ခြင်းလိုမျိုး သိပ်မပြင်းထန်သည့် လှုပ်ရှားမှုများဟာ သွေးတွင်းသကြားဓာတ်ကို လျှော့ချရာမှာ အကူအညီပေးနိုင်ပါတယ်။
➡️ဒါပေမယ့် အရင် မပြုလုပ်ဖူးသေးတဲ့ လှုပ်ရှားမှုများကို မစတင်ခင်မှာ မိမိရဲ့ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
➡️လိုအပ်ပါက သွေးတွင်းသကြားဓာတ်ကို လျှော့ချနိုင်ဖို့ ဆေးဝါးများကို လည်း သောက်သုံးဖို့ ဒါမှမဟုတ် အင်ဆူလင် (Insulin) ထိုးဖို့ လိုအပ်ပါလိမ့်မယ်။
❓ကိုယ်ဝန်ဆောင်ဆီးချိုက မွေးဖွားမှုကို သက်ရောက်မှု ရှိနိုင်လား ။
🤰ကိုယ်ဝန်ဆောင်ဆီးချိုရှိပါက ကိုယ်ဝန် ၄၁ ပတ်မတိုင်မီ မွေးဖွားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
🤰လိုအပ်ပါက သဘာဝအတိုင်း မီးဖွားမှုမစတင်ပါက မွေးဖွားရန် လှုံ့ဆော်ခြင်း (induction of labour) သို့မဟုတ် ခွဲစိတ်မွေးဖွားခြင်း (caesarean section) ကို သက်ဆိုင်ရာ ဆရာဝန်မှအကြံပြုနိုင်ပါတယ်။
🤰မိခင်ရဲ့ကျန်းမာရေး ဒါမှမဟုတ် ကလေးရဲ့ကျန်းမာရေးနှင့် ပတ်သက်ပီး စိုးရိမ်ပူပန်မှုများရှိပါက ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်ကို ကောင်းစွာမထိန်းချုပ်နိုင်ပါက ပိုမိုစောစော မွေးဖွားရန် အကြံပြုပါလိမ့်မယ်။
❓ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးရင် ရေရှည်အကျိုးဆက် အနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲ ။
🤰 ကိုယ်ဝန်ဆောင်ဆီးချိုဟာမွေးဖွားပြီးနောက် ပုံမှန်အားဖြင့် ပျောက်ကင်းသွားတတ်ပါသည်။
🤰ဒါပေမယ့် အရင်က ကိုယ်ဝန်ဆောင်ဆီးချို ရှိခဲ့ဖူးသူတွေမှာ
· နောက် ကိုယ်ဝန်တွေမှာ ကိုယ်ဝန်ဆောင်ဆီးချိုပြန်ဖြစ်ခြင်း
· အမျိုးအစား-၂ ဆီးချို - တစ်သက်တာဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါတယ်။
🤰ဒါကြောင့် ကလေးမွေးဖွားပြီး ၆ ပတ် မှ ၁၃ ပတ်အတွင်း ဆီးချိုရှိမရှိ စစ်ဆေးရန် သွေးစစ်ဆေးမှု ခံယူသင့်ပြီး၊ ရလဒ်ပုံမှန်ဖြစ်ပါက နှစ်စဉ် တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။
11/09/2025
ကိုယ်ဝန်ဆောင်ဆီးချို (Gestational Diabetes)
အပိုင်း(၁)
❓ကိုယ်ဝန်ဆောင်ဆီးချို (Gestational Diabetes) ဆိုတာဘာလဲ ။
🤰ကိုယ်ဝန်ဆောင်ဆီးချို (Gestational Diabetes) ဆိုတာ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း သွေးတွင်းသကြားဓာတ် (ဂလူးကို့စ်) မြင့်တက်လာခြင်း ဖြစ်ပြီး များသောအားဖြင့် ကလေးမွေးပြီးနောက် ပျောက်ကင်းသွားတတ်ပါတယ်။
❓ကိုယ်ဝန်ဆောင်ဆီးချို (Gestational Diabetes)က ဘာလို့ ဖြစ်တာလဲ ။
🤰ကိုယ်ဝန်ဆောင်ချိန်အတွက် လိုအပ်တဲ့ ဆီးချိုထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ အင်ဆူလင်(Insulin ) ကို ခန္ဓာကိုယ်မှ လုံလောက်စွာ မထုတ်လုပ်နိုင်တော့တဲ့အခါမျိုးမှာ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်တတ်ပါသည်။
❓ဘယ်လို အခြေအနေတွေမှာ ပိုဖြစ်လေ့ရှိလဲ ။
🤰ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်း ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ပွါးနိုင်ပေမယ့် အောက်မှာရှိတဲ့ အချက်တွေနဲ့ ကိုက်ညီပါက ဖြစ်နိုင်ခြေ ပိုမိုမြင့်မားပါတယ် ။
· အသက် ၄၀ ထက်ကျော်လွန်နေပါက
· BMI - ၃၀ ထက်မြင့်နေပါက
· အရင် ကလေးက မွေးချိန်တွင် ၄.၅ ကီလိုဂရမ် (၁၀ ပေါင်) နှင့် အထက် ဖြစ်ပါက
· အရင်ကိုယ်ဝန်တုန်းက ကိုယ်ဝန်ဆောင်ဆီးချို ရှိခဲ့ဖူးပါက
· မိဘ ဒါမှမဟုတ် မောင်နှမတစ်ဦးဦးမှာ ဆီးချိုရောဂါရှိပါက
· အစာအိမ်လမ်းကြောင်း ခွဲစိတ်မှု (gastric bypass) ဒါမှမဟုတ် အခြား ကိုယ်အလေးချိန် လျှော့ချရန် ခွဲစိတ်မှုများ ခံယူထားဖူးပါက
အဲ့လိုအချက်များထဲမှ တစ်ခုခုနှင့် ကိုက်ညီပါက ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်ဝန်ဆောင်ဆီးချိုအတွက် စစ်ဆေးမှု ခံယူသင့်ပါတယ်။
❓ဘယ်လိုလကက္ခဏာတွေ ပြလေ့ရှိလဲ။
🤰ကိုယ်ဝန်ဆောင်ဆီးချိုက ပုံမှန်အားဖြင့် ပုံမှန်အားဖြင့် လက္ခဏာပြလေ့မရှိဘဲ အများစုကို သွေးတွင်းသကြားဓာတ်ကို စမ်းသပ်မှသာ ရှာဖွေတွေ့ရှိရပါတယ်။
🤰 သွေးတွင်းသကြားဓာတ်အလွန်အမင်းမြင့်တက်သွားပါက (hyperglycaemia) အောက်မှာရှိတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။
· ရေငတ်ခြင်း ပိုမိုဖြစ်လာခြင်း
· ပုံမှန်ထက် ဆီးသွားရန် ပိုမိုလိုအပ်လာခြင်း
· ပါးစပ်ခြောက်ခြင်း
· မောပန်းနွမ်းနယ်ခြင်း
· အမြင်ဝါးခြင်း
·အမျိုးသမီး အင်္ဂါယားယံခြင်း ဒါမှမဟုတ် မှိုရောဂါဖြစ်ခြင်း
➡️ဒါပေမယ့် အပေါ်ကလက္ခဏာများထဲက တချို့က ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လေ့ရှိပြီး ကိုယ်ဝန်ဆောင်ဆီးချို၏ လက္ခဏာတစ်ခုလို့ သီးသန့်ပြောလို့မရတဲ့အတွက် ကိုယ့်မှာစိုးရိမ်မိတဲ့ လက္ခဏာများရှိပါက ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။
❓ကိုယ်ဝန်ဆောင်ဆီးချိုကြောင့် မိခင်နဲ့ ကလေးမှာ ဘာတွေ ဖြစ်လာနိုင်လဲ ။ 🤰ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့ မေမေအများစုဟာ ကျန်းမာတဲ့ ကလေးလေးနဲ့ ပုံမှန်ကိုယ်ဝန်ဆောင်ဘဝကို ပိုင်ဆိုင်ကြပါတယ်။
ဒါပေမယ့် ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့သူ တချို့မှာ အောက်မှာ ပြောပြထားတွေ ဖြစ်စေနိုင်ပါတယ် ။
➡️ ကလေး ပုံမှန်ထက်ကြီးထွားလာခြင်း - မွေးဖွားစဉ်တွင် အခက်အခဲများဖြစ်စေနိုင်ပြီး မွေးဖွားရန် လှုံ့ဆော်ခြင်း (induced labour) သို့မဟုတ် ခွဲစိတ်မွေးဖွားခြင်း (caesarean section) လိုအပ်နိုင်ခြေ မြင့်တက်စေပါတယ်။
➡️သားအိမ်အတွင်း ရေမြွှာရည် (ကလေးကိုဝန်းရံထားသောအရည်) များလွန်းခြင်း (polyhydramnios) - လမစေ့ဘဲ မွေးဖွားခြင်း သို့မဟုတ် မွေးဖွားစဉ် ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။
➡️လမစေ့ဘဲ မွေးဖွားခြင်း - ကိုယ်ဝန် ၃၇ ပတ်မတိုင်မီ မွေးဖွားခြင်း။
➡️ကိုယ်ဝန်ဆောင်ချိန်တွင် သွေးပေါင်ချိန်မြင့်တက်စေသော အခြေအနေတစ်ခုဖြစ်သည့် ကိုယ်ဝန်ဆိပ်တက်ခြင်း (pre-eclampsia) - ကုသမှုမခံယူပါက ကိုယ်ဝန်ဆောင်ဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်ပါတယ် ။
➡️ကလေးမွေးဖွားပြီးနောက် ကလေးလေးဟာ သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း သို့မဟုတ် အသားဝါခြင်း (jaundice) ဖြစ်ပွားခြင်း - ဆေးရုံတွင် ကုသမှုခံယူရန် လိုအပ်နိုင်ပါတယ်။
➡️ကလေးဆုံးရှုံးခြင်း (stillbirth) - ဖြစ်နိုင်ခြေ အရမ်းရှားပါတယ် ။
➡️ကိုယ်ဝန်ဆောင်ဆီးချိုရှိခြင်းဟာ နောက်ပိုင်းမှာ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားတတ်ပါတယ် ။
04/09/2025
သားအိမ်ပြင်ပ ကိုယ်ဝန်တည်ခြင်း (Ectopic Pregnancy )
အပိုင်း (၂)
❓သားအိမ်ပြင်ပ ကိုယ်ဝန် ဖြစ်ပွားနိုင်ခြေ မြင့်မားစေသော အချက်တွေ ရှိပါသလား။
- မည်သည့်အမျိုးသမီးမဆို သားအိမ်ပြင်ပ ကိုယ်ဝန် ရနိုင်ပါတယ်။
- အောက်ကအချက်တွေထဲက တခုခုရှိပါက ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါတယ်။
👉🏼ယခင်က သားအိမ်ပြင်ပ ကိုယ်ဝန်ရှိဖူးခြင်း
👉🏼ပျက်စီးနေသော သားဥပြွန် ရှိခြင်း။ သားဥပြွန် ပျက်စီးမှုကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်း တွေကတော့
👉🏼သားအိမ်တွင်းထည့်ပစ္စည်း (IUD/coil) ထည့်ထားစဉ် ဒါမှမဟုတ် ပရိုဂျက်စတုန်းတစ်မျိုးတည်းပါသော ကိုယ်ဝန်တားဆေးကို (mini pill)သောက်သုံးနေစဉ် ကိုယ်ဝန်ရှိလာခြင်း
👉🏼assisted conception ခေါ် မျိုးအောင်မှုနည်းလမ်းများ (IVF သို့မဟုတ် ICSI) မှ ကိုယ်ဝန်ရရှိခြင်း
👉🏼ဆေးလိပ်သောက်ခြင်း စတာတွေပဲဖြစ်ပါတယ်။
❓သားအိမ်ပြင်ပ ကိုယ်ဝန်ကို ဘယ်လို စစ်ဆေးရှာဖွေအတည်ပြုသလဲ။
👉🏼ဆီးစစ်ခြင်း (Urine test) ကိုယ်ဝန်ရှိ/မရှိ စမ်းသပ်ရန်။
👉🏼သွေးစစ်ခြင်း (Blood tests) ကိုယ်ဝန်ဟော်မုန်း (β-hCG) ပမာဏကို ၄၈ နာရီခြားတစ်ခါ တိုင်းတာခြင်း။
ပုံမှန်ကိုယ်ဝန်မှာ ဤဟော်မုန်းပမာဏသည် ၄၈ နာရီအတွင်း နှစ်ဆတက်လေ့ရှိပီး သားအိမ်ပြင်ပ ကိုယ်ဝန်မှာတော့ ပုံမှန်အတိုင်းမတက်ဘဲ နှေးကွေးစွာ တက်ခြင်း၊ plateau ဖြစ်နေခြင်း သို့မဟုတ် ကျဆင်းခြင်းများ ဖြစ်တတ်ပါတယ်။
👉🏼အာလ်ထရာဆောင်း ရိုက်ခြင်း (Ultrasound scan) ရိုက်ခြင်းဖြင့် သားအိမ်အတွင်း ကိုယ်ဝန်အိတ်ရှိ/မရှိ ကြည့်ရှုနိုင်ပီး သားဥပြွန် သို့မဟုတ် ဝမ်းဗိုက်အတွင်း သန္ဓေသားရှိ/မရှိ ရှာဖွေလို့ ရနိုင်ပါတယ် ။
❓ကုသမှု ခံယူဖို့လိုလား ။အရေကြီးလား ။
👉🏼သားအိမ်ပြင်ပ ကိုယ်ဝန်ဟာ သားဥပြွန် သို့မဟုတ် အခြားနေရာမှာ ပေါက်သွားနိုင်ပီး ဝမ်းဗိုက်တွင်း သွေးထွက်နိုင်ကာ သွေးထွက်လွန်တဲ့ အထိ ဖြစ်နိုင်တဲ့ အတွက် လိုအပ်ပါက အရေးပေါ် ခွဲစိတ်ကုသမှု ခံယူဖို့ အထိ လိုနိုင်ပါတယ်။
👉🏼ပေါက်ပြီး သားဥပြွန်အပိုင်းနှင့် ကိုယ်ဝန်ကို ခွဲစိတ်ဖယ်ရှားရန် လိုအပ်ပါတယ်။
👉🏼ကိုယ်တွင်းသွေးဆုံးရှုံးမှု များပြားနေပါကလည် သွေးသွင်းကုသမှု ခံယူဖို့ လိုအပ်နိုင်ပါတယ်။
❓နောက်ဆက်တွဲ အနေနဲ့ရော ဘာတွေ နောက်ထပ် ကိုယ်ဝန်ရနိုင်လား ။သက်ရောက်မှု ရှိနိုင်လား ။
👉🏼သားဥပြွန် တစ်ဖက်တည်း ကျန်ရှိပေမယ်လည်း ကိုယ်ဝန်ရရှိရန် အခွင့်အလမ်းများပါတယ် ။ အနည်းငယ်ပဲ လျော့နည်းသွားနိုင်ပါတယ်။
👉🏼နောက်ထပ် သားအိမ်ပြင်ပ ကိုယ်ဝန်ဖြစ်နိုင်ခြေကလည်း လုံးဝ မရှိတာမျိုး မဟုတ်ပေမယ့် ဖြစ်ပွါးနိုင်ခြေ အနည်းငယ်တော့ရှိပါတယ်။
22/08/2025
သားအိမ်ပြင်ပ ကိုယ်ဝန်တည်ခြင်း (Ectopic Pregnancy )
အပိုင်း(၁)
❓သားအိမ်ပြင်ပ ကိုယ်ဝန်တည်ခြင်းဆိုတာဘာလဲ။
👉🏼သားအိမ်အပြင်ဘက်မှာ ကလေးလေးကရှိနေတာကို "သားအိမ်ပြင်ပ ကိုယ်ဝန်" လို့ခေါ်ပါတယ်။
👉🏼 သားအိမ်ပြင်ပ ကိုယ်ဝန်တည်ခြင်းဟာ အယောက် (၉၀) မှာ (၁) ယောက်နှုန်းဖြစ်ပွါးနိုင်ပါတယ်။
❓ဘာကြောင့် သားအိမ်အပြင်မှာ ကိုယ်ဝန်တည်တာလဲ ။
👉🏼ပုံမှန်ကိုယ်ဝန်ဆောင်ခြင်းမှာ မျိုးအောင်တဲ့မျိုးဥဟာ သားဥပြွန်မှ သားအိမ်အတွင်းကို ရွေ့လျားသွားပြီး ကိုယ်ဝန်က သားအိမ်အတွင်းမှာ ကြီးထွားဖွံ့ဖြိုးပါတယ်။
👉🏼အဲ့လို ရွေ့လျားပီး သားအိမ်ထဲ မရောက်ရင် အောင်ပြီးသော မျိုးဥဟာ သားအိမ်ရဲ့ အပြင်ဘက်မှာ စွဲကပ်ပြီး သားအိမ်ပြင်ပ ကိုယ်ဝန်ကို ဖြစ်ပေါ်စေပါတယ်။
❓သားအိမ်ပြင်ပ ကိုယ်ဝန်တည်ခြင်းဟာ အရေးကြီးလား။
👉🏼သားအိမ်ပြင်ပ ကိုယ်ဝန်ဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခု ဖြစ်သွားနိုင်ပါတယ်။
👉🏼ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန် ကြီးထွားလာတာနဲ့အမျှ သားအိမ်ပြွန် ပေါက်နိုင်တဲ့ အလားအလာရှိပြီး ပြင်းထန်တဲ့ နာကျင်မှုနှင့် ကိုယ်တွင်းသွေးယိုစိမ့်မှုကို ဖြစ်စေနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
👉🏼သားအိမ်ပြင်ပ ကိုယ်ဝန်အများစုသည် သားဥပြွန်မှာ ဖြစ်လေ့ရှိပီး ရှားရှားပါးပါး အခြားနေရာတွေမှာလည်း ဖြစ်ပွါးနိုင်ပါတယ်။
❓သားအိမ်ပြင်ပ ကိုယ်ဝန်ရဲ့ လက္ခဏာတွေက ဘာတွေလဲ ။
👉🏼တယောက်နဲ့ တယောက် ရောဂါလက္ခဏာပြပုံခြင်း မတူပါဘူး ။
အချို့အမျိုးသမီးတွေမှာ ရောဂါလက္ခဏာများ လုံးဝမရှိဘဲ၊ အချို့မှာ လက္ခဏာအနည်းငယ်သာ ရှိပြီး၊ အချို့မှာတော့ လက္ခဏာများစွာ ရှိနေတတ်ပါတယ်။
👉🏼အဖြစ်များတဲ့ လက္ခဏာတွေကတော့
☄️ဝမ်းဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲမှု
( ရုတ်တရက် သို့မဟုတ် တဖြည်းဖြည်း ပေါ်ပေါက်လာနိုင်ပါတယ် )
☄️အမျိုးသမီးအင်္ဂါမှ သွေးဆင်းခြင်း (vaginal bleeding)
☄️ပခုံးဖျားရှိ နာကျင်မှု (Shoulder tip pain )
( ကိုယ်တွင်းသွေးယိုစိမ့်မှုကြောင့် ဖြစ်ရခြင်းဖြစ်ပီး အရေးကြီးတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ် )
☄️သားအိမ်ပြွန် ပေါက်သွားပါက (Ruptured Ectopic) အောက်မှာရှိတဲ့ ပြင်းထန်တဲ့ လက္ခဏာတွေ ရုတ်တရက် ပေါ်ပေါက်လာနိုင်ပါတယ် ။
🫥ပြင်းထန်တဲ့ နာကျင်မှု
🫥မူးဝေခြင်း၊ အန်ခြင်း
🫥သတိလစ်ခြင်း (မှိန်းခြင်း)
🫥အသက်ရှူမြန်ခြင်း၊ နှလုံးခုန်မြန်ခြင်း
🫥ဖြူဖတ်ဖြူရော်ဖြစ်ခြင်း
🫥ဝမ်းဗိုက်သည် နှစ်နာခြင်း၊ တင်းမာနေခြင်း
⭐️⭐️⭐️ပြင်းထန်တဲ့ လက္ခဏာများ ပေါ်ပေါက်လာပါက ဒါမှမဟုတ် သားအိမ်ပြင်ပ ကိုယ်ဝန်၏ လက္ခဏာများ ခံစားနေရပါက နီးစပ်ရာ ဆေးရုံဆေးခန်းကို အရေးပေါ် ချက်ချင်းသွားရောက်ကုသမှုခံယူဖို့ လိုပါတယ် ။
🤰🩸ကိုယ်ဝန်ဦးပိုင်းကာလမှာ မိန်းမကိုယ်သွေးဆင်းခြင်း🩸🤰
➡️ ကိုယ်ဝန်ဦးပိုင်းကာလမှာ မိန်းမကိုယ်သွေးဆင်းခြင်းဟာ
ဖြစ်လေ့ရှိပြီး အမြဲတမ်း ပြဿနာရှိတယ်လို့ မဆိုလိုပါဘူး။ ကိုယ်ဝန်ဦးပိုင်းမှာ Hormones အပြောင်းအလဲကြောင့် ဖြစ်တဲ့ အန္တရာယ်မရှိတဲ့ သွေးအနည်းငယ်ဆင်းခြင်းမျိုးဖြစ်တတ်ပါတယ် ။
➡️ဒါပေမယ့်သွေးဆင်းခြင်းဟာ ကိုယ်ဝန်ပျက်ကျခြင်း (miscarriage)ရဲ့ သတိပေးလက္ခဏာ ဖြစ်နိုင်သလို၊ ကိုယ်ဝန်ဦးပိုင်းကာလရဲ့ အခြားနောက်ဆက်တွဲပြဿနာတွေ (ဥပမာ - သားအိမ်ပြင်ပသန္ဓေတည်ခြင်း ectopic pregnancy) ရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
❓ဘယ်လို အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်လဲ ။
🩸ကိုယ်ဝန်ပျက်ချင်သလိုဖြစ်ခြင်း (Threatened Miscarriage)
👉🏼သွေးဆင်းခြင်းရှိပေမယ့် အာထရာဆောင်း(Ultrasound) စစ်ဆေးမှုမှာ ကိုယ်ဝန်
ပုံမှန်ဖွံ့ဖြိုးနေတဲ့ အခြေအနေကို " ကိုယ်ဝန်ပျက်ချင်သလိုဖြစ်ခြင်း" လို့ခေါ်ပါတယ် ။
👉🏼ဒီလိုသွေးဆင်းဖူးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုက နောက်ဆုံးမှာ ကျန်းမာတဲ့ ကလေးမွေးဖွားနိုင်ကြပါတယ်။
🩸ကနဦး ကိုယ်ဝန်ပျက်ကျခြင်း (Early Miscarriage)
👉🏼ကိုယ်ဝန်ရှိတယ်လို့ စစ်ဆေးတွေ့ရှိပြီးနောက် ပထမ ၃ လအတွင်း အမျိုးသမီး
၅ ယောက်မှာ ၁ ယောက်ဟာ အကြောင်းပြချက်မှမရှိဘဲ ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။
🩸သားအိမ်ပြင်ပ ကိုယ်ဝန်တည်ခြင်း (Ectopic Pregnancy)
👉🏼သားအိမ်အပြင်ဘက်မှာ ကလေးလေးကရှိနေတာကို "သားအိမ်ပြင်ပ ကိုယ်ဝန်" လို့ခေါ်ပါတယ်။
👉🏼 သားအိမ်ပြင်ပ ကိုယ်ဝန်တည်ခြင်းဟာ အယောက် (၉၀) မှာ (၁) ယောက်နှုန်း
ဖြစ်ပွါးနိုင်ပါတယ်။
👉🏼 ခံစားရတဲ့ လက္ခဏာများ၊ အယ်ထွာဆောင်းရလဒ်များနှင့် သွေးစစ်ချက်များဟာ သားအိမ်ပြင်ပ ကိုယ်ဝန်ကို သံသယရှိစေနိုင်ရင် အရေးကြီးပီး အသက်အန္တရာယ်ပါရှိနိုင်တဲ့ အထိ ဖြစ်နိုင်ပါတယ် ။
🩸စပျစ်သီး သန္ဓေတည်ခြင်း (Molar Pregnancy)
👉🏼(အချင်း) ပုံမှန်မဟုတ်ဘဲ ကိုယ်ဝန်မှန်ကန်စွာ မဖွံ့ဖြိုးတဲ့ ရှားပါး အခြေအနေဖြစ်ပါတယ်။
👉🏼ကိုယ်ဝန်( ၇၀၀ ) မှာ (၁)ယောက်သာ ဖြစ်တတ်ပါတယ်။
❓ဘယ်လို စစ်ဆေးမှုတွေ လိုအပ်နိုင်လဲ ။
👉🏼ကိုယ်ဝန်ရှိ/မရှိ အတည်ပြုရန် ဆီးနမူနာယူ၍ စစ်ဆေးခြင်း။
👉🏼 မိန်းမကိုယ် အတွင်းပိုင်းစစ်ဆေးခြင်း (Speculum/Vaginal Exam)
- သွေးဆင်းခြင်းရဲ့အကြောင်းရင်းရှာရန် သားအိမ်ခေါင်း (သားအိမ်ဝ) ကို စစ်ဆေးခြင်းဖြစ်ပါတယ် ။
👉🏼အာထရာဆောင်း ရိုက်ခြင်း (Ultrasound Scan)
👉🏼သွေးစစ်ဆေးမှုများ (Blood Tests)
- သွေးအမျိုးအစား (Blood Group) စစ်ဆေးခြင်း။
- ကိုယ်ဝန်ဟော်မုန်း (βhCG) အဆင့် တိုင်းတာခြင်း။
➡️အပေါ်က စစ်ဆေးမှုတွေကို ဆရာဝန်မှ လူနာရဲဲ့လိုအပ်ချက်ပေါ်မူတည်ပီး စစ်ဆေးဖို့ ညွှန်ကြားနိုင်ပါတယ် ။
❓ဘယ်လို အခြေအနေမျိုးမှာ ဆေးရုံသွားဖို့ လိုမလဲ ။
⚠️ အောက်မှာရှိတဲ့အရေးပေါ်လက္ခဏာများ တွေ့ရပါက နီးစပ်ရာ ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းသွားဖို့ အရေးကြီးပါတယ် ။
👉🏼သွေးအလွန်အမင်းဆင်းခြင်း
👉🏼ဝမ်းဗိုက်အတွင်း ပြင်းထန်နာကျင်ခြင်း
👉🏼ပခုံးထိပ်နာကျင်ခြင်း
👉🏼မူးဝေခြင်း/သတိလစ်ခြင်း
08/08/2025
သွေးဆုံးပြီးနောက် သွေးဆင်းခြင်း (Postmenopausal Bleeding )
❓ PMB ဆိုတာဘာလဲ။
🩸သွေးဆုံးနိုင်တဲ့ အရွယ်မှာရှိတဲ့ အမျိုးသမီး တယောက်ဟာ တဆက်တည်း (၁၂)လကြာ ရာသီသွေး မလာပီး နောက်ပိုင်း သွေးပြန်ဆင်းခြင်းကို သွေးဆုံးပြီးနောက် သွေးဆင်းခြင်း (PMB) လို့ခေါ်ဆိုပါတယ်။
❓PMB က ဘာကြောင့်ဖြစ်လဲ။
🩸PMB ကိုဖြစ်စေနိုင်တဲ့ အကြောင်းရင်းများစွာရှိပါတယ် ။
တွေ့ရလေ့ရှိတဲ့ အကြောင်းရင်းတွေကတော့
- သားအိမ် (သို့မဟုတ်) သားအိမ်ခေါင်း အသားပိုများ (Endometrial or Cervical Polyp)
သားအိမ်နံရံ ထူထဲခြင်း(Endometrial Hyperplasia)
သားအိမ်နံရံပါးလွှာခြင်း(Endometrial atrophy)
- သားအိမ်ခေါင်း (Cervix) ပြဿနာများ
- မိန်းမကိုယ်လမ်းကြောင်း ရောင်ရမ်းပါးလွှာခြင်း (Atrophic vaginitis )
- ဟော်မုန်းအပြောင်းအလဲများ
- ကင်ဆာရောဂါများ
ဥပမာ: သားဥအိမ်ကင်ဆာ (Ovarian Cancer )၊ သားအိမ်ကင်ဆာ (Womb Cancer) ၊သားအိမ်ခေါင်းကင်ဆာ (Cervical Cancer)
စတာတွေပဲဖြစ်ပါတယ်။
❓ဘယ်အခြေအနေမှာ ဆရာဝန်နဲ့ ပြသဖို့ လို့မလဲ။
🩸သွေးဆုံးပြီးနောက် သွေးဆင်းခြင်း (PMB) ဟာ အရမ်း အရေးကြီးပါတယ် ။ 🩸ဖြစ်နိုင်ခြေနည်း ပေမယ့် ကင်ဆာရောဂါရဲ့ လက္ခဏာ ဖြစ်နိုင်တဲ့အတွက်
စောစီးစွာ ရှာဖွေတွေ့ရှိပါက ကင်ဆာကို ကုသရန် ပိုမိုလွယ်ကူပါတယ် ။
တစ်ကြိမ်တစ်ခါပဲ ဖြစ်ဖူးခြင်း (သို့မဟုတ်)
အနည်းငယ်သာ သွေးဆင်းခြင်း (သို့မဟုတ်)
အစက်အပျောက်(သို့) ပန်းရောင်/အညိုရောင် အရည်ဆင်းခြင်း
- အခြားလက္ခဏာ လုံးဝမရှိလျှင်လည်း
သွေးလားမသေချာရင်လည်း ဆရာဝန်ပြသဖို့ လိုအပ်ပါတယ် ။
❓ဘယ်လိုစစ်ဆေးမှုတွေ လုပ်ဖို့လိုအပ်နိုင်မလဲ။
🩸 အတွင်းပိုင်း စမ်းသပ်စစ်ဆေးခြင်း (Internal examination)
🩸အာထရာဆောင်း ရိုက်ခြင်း (Ultrasound scan)
🩸ဟစ်စတီရိုစကုပ်ပြုလုပ်ခြင်း (Hysteroscopy)
-သူကတော့ ပါးလွှာတဲ့ မှန်ပြောင်းပစ္စည်း (thin telescope) တစ်ခုကို အသုံးပြုပီး သားအိမ်အတွင်းပိုင်းကို တိုက်ရိုက်ကြည့်ရှုစစ်ဆေးတာပါ။
(ဒီစစ်ဆေးမှုကတော့ ပစ္စည်း ကိရိယာ ပြည့်စုံဖို့လည်း လိုအပ်တဲ့ အတွက်
မြို့ကြီးတွေမှာရှိတဲ့ ဆေးရုံတချို့မှာပဲ ရှိနိုင်ပါတယ်)
🩸သားအိမ်အတွင်းဆုံးအလွှာ နမူနာယူခြင်း (Biopsy)
စတဲ့စစ်ဆေးမှုများကို လိုအပ်နိုင်တဲ့ အတိုင်းအတာ အတိုင်း နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကနေ ဆွေးနွေးအကြံပေး ညွှန်ကြားနိုင်ပါတယ်။
❓ကုသမှုနည်းလမ်းများ ဘာတွေရှိသလဲ။
🩸ကုသမှုမလိုအပ်ဘဲ ရှိနိုင်ပါတယ်။
🩸ကုသမှုလိုအပ်ပါက အကြောင်းရင်းပေါ်မူတည်ပီး သားဖွားမီးယပ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ကုသရပါမယ်။
➡️➡️➡️ကုသမှုတွေကိုတော့ အသေးစိတ်မရေးတော့ဘူးနော် ။ ဒါက လူနာ တဦးတယောက်ချင်းစီရဲ့ အကြောင်းရင်း၊ အသက်အရွယ် ၊ရှိရင်းစွဲရောဂါအခံ စတဲ့ အချက်အလက်များစွာပေါ်မူတည်ပီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုနဲ့အတူ လူနာအတွက် အသင့်တော်ဆုံး အကောင်းဆုံး ကုသမှုနည်းလမ်းကို ရွေးချယ်ရမှာမို့ပါ။
References:
https://www.nhs.uk/symptoms/post-menopausal-bleeding/
https://patient.info/doctor/postmenopausal-bleeding
https://www.rcog.org.uk/for-the-public/browse-our-patient-information/postmenopausal-bleeding-poster/
05/08/2025
➡️ စာဖတ်သူတွေ အဆင်ပြေပြေ ဖတ်ရှု့နိုင်ဖို့ ဥပမာအကိုးအကားလေးတွေနဲ့
ပြန် Share ပေးလိုက်ပါတယ်ရှင့် 🥰
ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်း (Nausea and vomiting of pregnancy) နှင့်ပြင်းထန်ကိုယ်ဝန်ဆောင်အန်ခြင်း ရောဂါ (Hyperemesis Gravidarum)
-အခု topic လေးကို knowledge sharing လုပ်ဖို့ စဉ်းစားမိသွားတာက ဆေးခန်းမှာ လူနာလေး တယောက် ကိုယ်ဝန် အစောပိုင်းမှာ အရမ်းအန် ဆေးရုံပေါ်မှာ ခနခန နေရတာကနေ “ဒီ ကိုယ်ဝန်ကို ဖျက်ချင်လို့ရမလား” ထိ မေးလာတဲ့အတွက် လုပ်ဖြစ်သွားတာပါ။
❓ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်း (Nausea and Vomiting of Pregnancy) ဆိုတာဘာလဲ ။
🤰ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်း (Nausea and vomiting of pregnancy)
ဟာအဖြစ်များတဲ့ ဝေဒနာတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး (၁၀) ယောက်မှာ (၉) ယောက်ကတော့ ကိုယ်ဝန် (၂၀) ပတ်အရောက်မှာ သက်သာသွားလေ့ရှိပါတယ်။
-Morning sickness လို့ လူတော်တော်များများ သိကြ ခေါ်ကြပေမယ့် နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် မည်သည့်အချိန်တွင်မဆို ဖြစ်ပေါ်နိုင်ပါတယ်။
❓ပြင်းထန်ကိုယ်ဝန်ဆောင်အန်ခြင်း ရောဂါ (Hyperemesis Gravidarum) ဆိုတာဘာလဲ။
🤰သူက ပြင်းထန်တဲ့ ပျို့အန်ခြင်း တစ်မျိုးဖြစ်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စွမ်းမရှိအောင်၊ ပုံမှန်အတိုင်း စားသောက်နိုင်စွမ်း မရှိအောင် ပြင်းထန်လာတာမျိုးကို ပြင်းထန်ကိုယ်ဝန်ဆောင်အန်ခြင်း ရောဂါ (Hyperemesis Gravidarum) လို့ ခေါ်ဆိုပါတယ်။
🤰 ပြင်းထန်ကိုယ်ဝန်ဆောင်အန်ခြင်း ရောဂါ (Hyperemesis Gravidarum) ဟာကိုယ်ဝန်ဆောင်အမျိုးသမီး အယောက် (၁၀၀) မှာ (၃) ယောက်အထိ ခံစားရနိုင်ပါတယ်။
🤰ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်း (Nausea and Vomiting of Pregnancy) နဲ့ ပြင်းထန်ကိုယ်ဝန်ဆောင်အန်ခြင်း ရောဂါ (Hyperemesis Gravidarum) နှစ်မျိုးလုံးကတော့ စိတ်အခြေအနေ၊ အလုပ်အကိုင် ၊ လူနေမှုဘဝ စတာတွေကို ထိခိုက်စေနိုင်တဲ့အတွက် ဆေးရုံ ၊ဆေးခန်း ၊ နီးစပ်ရာ ဆရာဝန် ဆရာမ ဆီမှာ ကုသမှုခံယူနိုင်ပေမယ့် ဒီလိုဝေဒနာမျိုးခံစားနေရသူ (၅) ယောက်မှာ (၁) ယောက်ကတော့ ဆေးရုံတက် ကုသမှု ခံယူဖို့ လိုအပ်နိုင်ပါတယ်။
❓ ဘာကြောင့်ဖြစ်တာလဲ။
🤰ကိုယ်ဝန်ဆောင်ချိန် ထွက်ရှိတဲ့ ဟော်မုန်းများကြောင့် ဖြစ်တယ်ဆိုပေမယ့် သုတေသနများအရတော့ တချို့မှာ မျိုးရိုးဗီဇခြားနားမှုများကြောင့်
ကိုယ်ဝန်ဆောင်ပျို့အန်ခြင်းကို အခြားသူများထက် ပိုမိုဆိုးရွားစွာ ခံစားရနိုင်ပါတယ် ။( ဥပမာ -အမေဖြစ်သူ ကိုယ်ဝန်ဆောင်တုန်းက ဖြစ်ဖူးတယ် ဆို သမီးဖြစ်သူ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်နိုင်ခြေပိုများတာမျိုုး)
🤰နောက်ထပ်ဖြစ်နိုင်ခြေ ပိုများတဲ့ အကြောင်းအရာတွေကတော့
-ယခင်ကိုယ်ဝန်တုန်းက ခံစားဖူးခြင်း
-ကလေးတစ်ယောက်ထက်ပို၍ (အမွှာသို့မဟုတ် သုံးမွှာ) ကိုယ်ဝန်ဆောင်ထားခြင်း စတာတွေပဲ ဖြစ်ပါတယ်
❓ဒါက ကလေးကို ထိခိုက်စေမှာလား ။
🤰သာမန်ကနေ အလယ်အလတ်အဆင့် ပျို့အန်ခြင်းများက ကလေးကို ထိခိုက်စေနိုင်တယ်ဆိုတာမျိုး မရှိပေမယ့် ပြင်းထန်ပျို့အန်ခြင်း နဲ့ ပြင်းထန်ကိုယ်ဝန်ဆောင်အန်ခြင်း ရောဂါ (Hyperemesis Gravidarum) ရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက မွေးဖွားလာမယ့် ကလေးလေးရဲ့ ကိုယ်အလေးချိန်မှာ မျှော်မှန်းထားတာထက် နည်းနိုင်ပါတယ်။
🤰ဒီလို ကလေးလေးတွေရဲ့ ကြီးထွားမှုကို စောင့်ကြည့်ဖို့အတွက် အာထရာဆောင်း (Ultrasound) ရိုက်တာမျိုးကို ပုံမှန်ကိုယ်ဝန်ဆောင်အမျိုးသမီးထက် အကြိမ်အရေအတွက်ပိုလိုတာမျိုး ဖြစ်နိုင်ပါတယ် ။
❓ ဆောင်ရန် ရှောင်ရန် နဲ့ ဘယ်လိုကုသရမလဲ ။
🤰ဆောင်ရန် ရှောင်ရန်တွေကတော့
-ကစီဓာတ်များပြီး အဆီနည်းတဲ့ အစားအစာများ (ဥပမာ - အာလူး၊ ဆန်၊ ခေါက်ဆွဲ) ဒါမှမဟုတ် အစာကြေလွယ်တဲ့ အစားအစာများ (ဥပမာ - ပလိန်းဘီစကစ်၊ ခရက်ကာ) ကို နည်းနည်းနှင့် အကြိမ်ရေခွဲ၍ စားရပါမယ် ။
- ပျို့အန်ခြင်းကို ပိုပြီးဖြစ်စေတတ်တဲ့ အစားအစာများ ဒါမှမဟုတ် အနံ့များကိုရှောင်ရပါမယ်။
🤰 မသက်သာပါက ဒါမှမဟုတ် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စွမ်း မရှိတာမျိုး ဖြစ်ပါက ကိုယ်ဝန်ဆောင်ချိန်တွင် သောက်သုံးရန် စိတ်ချရတယ့် ပျို့အန်ခြင်းကို သက်သာစေမယ့်ဆေးကို ဆရာဝန်ညွှန်ကြားမှုနဲ့အတူ သောက်သင့်ပါတယ်။
❓လက္ခဏာတွေ ဆက်မသက်သာရင် ဘာလုပ်ရမလဲ?
🤰လက္ခဏာတွေ ဆက်မသက်သာရင် ( ဥပမာ -ဘာမှ မစားနိုင် ရေတောင် မသောက်နိုင်အောင် ပျို့အန်တာမျိုး ၊ကိုယ်အလေးချိန် ချက်ချင်းကျသွားတာမျိုး ) ဆိုရင်
💉အကြောဆေး (drip)သွင်းပေးခြင်း ၊
💉ပျို့အန်ခြင်း သက်သာစေသည့် ဆေးဝါးများ ပေးသွင်းခြင်း ၊
💉အစာအိမ်မှာရှိတဲ့ အက်စစ်ဓာတ်ကို လျှော့ချပေးသည့် ဆေးဝါးများသွင်းခြင်း
💉ကော်တီကိုစတီးရိုက်ဆေးများ(Corticosteroids) ပေးသွင်းခြင်း စတဲ့ ကုသမှုတွေ ကို ဆေးခန်း ဒါမှမဟုတ် ဆေးရုံမှာ ကုသဖို့လိုအပ်ပါမယ်။
❓ဘယ်လို အခြေအနေမျိုးတွေမှာ ဆေးရုံတက်ဖို့ လိုအပ်နိုင်မလဲ ။
🤰ကိုယ်ခန္ဓာ ရေဓာတ်ခန်းခြောက်နေခြင်း (Dehydrated)
-ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာတွေကတော့ အလွန်အမင်းရေငတ်ခြင်း၊ အိပ်ငိုက်ခြင်း၊ နွမ်းနယ်ခြင်း၊ ဆီးအရောင် အဝါဖျော့မှ အဝါရင့် သို့မဟုတ် အညိုရောင်သို့ ပြောင်းလဲသွားခြင်းတို့ ဖြစ်ပါတယ်။
🤰အရမ်း အန်နေပြီး ရေတောင်မသောက်နိုင်ခြင်း
🤰သွေးစစ်ဆေးမှုတွင် ပုံမှန်မဟုတ်တဲ့ ရလဒ်များ ရှိခြင်း
🤰ကိုယ်အလေးချိန် အလျှင်အမြန် အများအပြား ကျဆင်းသွားခြင်း
🤰နှလုံး (သို့) ကျောက်ကပ်ပြဿနာ၊ ဆီးချိုရောဂါ၊ ဝက်ရူးပြန်ရောဂါ (epilepsy)၊ HIV အစရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ခုခု ရှိပြီး ဆေးကို ပါးစပ်မှ မသောက်နိုင်ခြင်း
🚑အပေါ်ကအချက်တွေ ရှိပီဆိုရင်တော့ ဆေးရုံတက်ကုသဖို့ လိုအပ်နိုင်ပါတယ်။
❓စိတ်ပိုင်းဆိုင်ရာ အနေနဲ့ ဘာတွေဖြစ်နိုင်လဲ။
🤰ကိုယ်ဝန်ဆောင်ပျို့အန်ခြင်းဟာ စိတ်ဖိစီးမှုဖြစ်စေနိုင်ပြီး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
🤰စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှု ဒါမှမဟုတ် မည်သည့်နည်းနှင့်မဆို စိတ်ပူနေပါက မိမိကို ဖြေဆိုပေးပြီး ပံ့ပိုးမှုရရှိအောင် ကူညီပေးနိုင်သည့် မိမိရဲ့ ဆရာဝန် ၊ ဆရာမ နဲ့ သေချာ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီးပါတယ်။
References:
https://www.rcog.org.uk/media/jg3ejmlr/pi_pregnancy-sickness_2024-v12.pdf
https://www.rcog.org.uk/news/updated-rcog-green-top-guideline-on-the-management-of-nausea-and-vomiting-in-pregnancy-and-hyperemesis-gravidarum-published/
https://www.nhs.uk/pregnancy/related-conditions/common-symptoms/vomiting-and-morning-sickness/
02/08/2025

Click here to claim your Sponsored Listing.