ATN

ATN

Share

ဗဟုသုတစာပေများကိုချစ်မြတ်နိုးသူ

12/08/2025

ကြိုက်လွန်းလို့ မျက်ရည်ဝဲမိပါတယ်။
ငါ-ကျေနပ်ပါပြီ
**************
ဖတ်ကြည့်နော်
၁။ ငါအိပ်ရာထဲလဲခဲ့တဲ့အခါ

မိုးလင်းတဲ့အခါ ငယ်စဉ်ကလေ
မင်းတို့ရဲ့ မျက်နှာနုနုလေးကို အေးမှာဆိုးလို့
ငါ နေ့စဉ် ရေနွေးနဲ့ သစ်ပေးခဲ့ပေမယ့်
ငါ့ကိုတော့
ရေအေးနဲ့ သစ်ပေးရင်ပဲ
ငါ ကျေနပ်ပါပြီ။

၂။ အစာကျွေးတဲ့အခါ

ငယ်စဉ်ကလေ
မင်းတို့ ကြီးထွားရှင်သန်ဖို့
ဈေးကြီးတဲ့ အာဟာရမုန့်တွေ ငါဝင်အောင် ကျွေးခဲ့ပေမယ့်
ငါ့ကိုတော့
အစာကျေတဲ့ ဆန်ပြုတ်ကျဲလေး ကျွေးရင်ပဲ
ငါ ကျေနပ်ပါပြီ။

၃။ ငါအစားမဝင်တဲ့အခါ

ငယ်စဉ်ကလေ
ထမင်းတစ်ပန်းကန် စားကုန်ဖို့ အိမ်ရှေ့အိမ်နောက် လှည့်ပတ်ပြေးလွှားနဲ့ နာရီရှည်ကြာလို့ ငါ မညောင်းခဲ့ပေမယ့်
ငါ့ကိုတော့
မိနစ်ပိုင်းလောက် အားစိုက်ကျွေးရင်ပဲ
ငါ ကျေနပ်ပါပြီ။

၄။ ငါအိပ်မပျော်တဲ့အခါ

ငယ်စဉ်ကလေ
လေထိုးလို့၊ ဖျားလို့၊ ဝမ်းလျောလို့ ရောဂါစုံဖြစ်တတ်တဲ့
မင်းတို့တစ်တွေကို ပြုစုယုယရင်း တစ်လမအိပ်ရလို့လည်း
ငါ မညည်းညူခဲ့ပေမယ့်
ဝေဒနာကြောင့်
အိပ်မပျော်တဲ့ငါ့ကို
တစ်ရက် နှစ်ရက် သည်းခံကြည့်ပေးရင်ပဲ
ငါ-ကျေနပ်ပါပြီ။

၅။ ငါမထနိုင်တဲ့ အခါ

ငယ်စဉ်ကလေ
ရက်ပေါင်းများစွာ ချိုမိုင်မိုင် ဆိုပေးရင်း
လက်ကလေးတွေ သန်မာအောင် ကြိုးစားပေးခဲ့တဲ့ ငါ့ကို....
မင်းတို့ လက်ကလေးတွေကို
ခဏတာအသုံးချပြီး ထူပေးကြရင်ပဲ
ငါ-ကျေနပ်ပါပြီ။

၆။ ငါတွေ့ချင်တဲ့အခါ

ငယ်စဉ်ကလေ
လပေါင်များစွာ ခြေကို
ဖြောင့်ဆင်းပြီး သီချင်းဆိုပေးရင်း ခြေထောက်လေးတွေ သန်မာအောင် နှိပ်နယ်ပေးခဲ့တဲ့ ငါ့ဆီ.....
မင်းတို့ ခြေထောက်လေးတွေ အသုံးချပြီး ခဏလာတွေ့ရင်ပဲ
ငါ-ကျေနပ်ပါပြီ။

၇။ ငါမလှုပ်ရှားနိုင်တဲ့အခါ

ငယ်စဉ်ကလေ
နူးညံ့ပေ့ဆိုတဲ့အဝတ်အထည်တောင်နာမှာစိုးလို့ အသာအယာ ဝတ်ပေးခဲ့ပေမယ့်
အသိလွတ်တဲ့အချိန်အထိ
အဝတ်အစားတွေ ငါ့ကို ဂရုတစိုက်ဖုံးပေးရင်ပဲ
ငါ-ကျေနပ်ပါပြီ။

၈။ ငါထွက်သွားတဲ့အခါ

ထိုအချိန်မှာလေ
ငါ့သား ငါ့သမီး ငါ့မြေး မြစ် တို့ နောင်တအမွေ မရစေချင်လို့ ပြုစုခွင့်ရတုန်း ပြုစုနိုင်ကြဖို့.....
အခွင့်ပေးတာဝန် ကျေခဲ့ပါရစေ

မိခင် ဖခင်တိုင်းအား
ဤစာစုဖြင့် ပူဇော်ဦးညွတ်ပါသည်။🙏🙏🙏 #ဘဝရဲ့ခရီးသည်

တွဲဖက်ရွှေကျင်သာသနာပိုင်
ပါချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ။🙏🙏🙏

Credit

မေတ္တာဖြင့်
အိုဘယ့်ခရီးသည်

13/05/2025

ဂျူး လူမျိုးတို့ရဲ့ စာသား

( 1 ) ရေညစ်တစ်စက်ကြောင့် ~
ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ် ။ ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက် -
ဘယ်တော့မှ ကြည်လင်လာမှာ မဟုတ်ပါဘူး !!

( 2 ) ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။ ဗိုက်ထဲကို ၀င်ပြီးတဲ့ အစာ ၊
စိတ်အတွင်းထဲက အိပ်မက်နဲ့ ဦးနောက်ထဲအထိ ၊ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ် !!

( 3 ) မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်တယ် !
လူတွေဟာလည်း ချိုမြသောစကားသံများကြားမှာ - နစ်မွန်းသွားတတ်တယ် !!

( 4 ) လူ့ ဘ၀ခရီးမှာ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းဆိုတာ သဲသဲကွဲကွဲ မခွဲထားပါဘူး ။
ကံဆိုးခြင်းကနေ ရုန်းထွက်နိုင်ရင် ကံကောင်းခြင်းဖြစ်ပြီး၊ ကံကောင်းခြင်းအပေါ် ဇိမ်ခံနေရင် -
ကံဆိုးခြင်း ဖြစ်လာမှာပါ !!

( 5 ) တကယ်လို့ သင်စာမဖတ်ခဲ့ဘူး ဆိုရင် ~
မိုင်ပေါင်း တစ်သောင်း ခရီးထွက်ရင်လည်း စာပို့လုလင်အဆင့်သာဖြစ်တယ် !!

( 6 ) သင့်ရဲ့ အိမ်နီးနားချင်းက -
မနက် ( ၂ )နာရီအထိ စန္ဒာယားတီးနေရင်လည်း စိတ်မဆိုးပါနဲ့ !
သူ့ကို မနက် ( ၄ )နာရီမှာနှိုးပြီး နားထောင်လို့ အရမ်းကောင်းကြောင်း ပြောပြလိုက်ပါ !!
( ပညာသားပါပါ နဲ့ 😃😃 )

( 7 ) သင်ရဲ့ တစ်ဘဝလုံးမှာ —---
တောက်လျှောက်သာ စောင့်မျှော်နေမယ်ဆိုရင် ၊ ပြောင်းလဲမူ တစ်ခုသာ ဖြစ်ပေါ်လာလိမ့်မယ် ၊ အဲဒါကတော့ သင်အိုသွားခြင်းပါပဲ !!

( 8 ) သူငယ်ချင်းအစစ်ဆိုတာ —--
ပြောမကုန်တဲ့ စကားတွေ ရှိနေတာမဟုတ်ပါဘူး ။ ပြောစရာမရှိတဲ့ အချိန်လည်း ~
အောင့်သက်သက် မခံစားရခြင်းပါ !!

( 9 ) အချိန်ဟာ စိတ်အနာကို
ကုစားနိူင်တဲ့ သမားတော်ကြီးပါ !
ဒါပေမဲ့ —----
ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ —ဆရာကြီးတော့မဟုတ်ပါဘူး ။

( 10 ) ကြိုးစားပြီးမှ နောင်တရရင် ရပါစေ !!
မကြိုးစားပဲနဲ့ လွဲသွားတဲ့ နောင်တမျိုးတော့ မလိုချင်ဘူး !

credit

09/11/2024

"သင့်ရဲ့စျာပန ပြီးသွားပြီးနောက်

ဘာတွေဖြစ်မလဲဆိုတာ သင်သိပါသလား”

သင့်ရဲ့စျာပနအခန်းအနား ပြီးသွားပြီးနောက် - - -

1️⃣ စျာပနအခန်းအနားပြီးဆုံးပြီး နာရီအနည်းငယ် ကြာပြီးနောက် ငိုသံများရပ်သွားပါမည်

2️⃣ မင်းရဲ့မိသားစုက ရပ်ဝေးက ဆွေမျိုးများအတွက် စားဖို့ အနားယူဖို့ စီစဉ်ပေးရင်း အလုပ်ရှုပ်နေလိမ့်မယ်

3️⃣ မင်းရဲ့ မြေးတွေ ပြေးလွှားဆော့ကစားနေကြတယ်

4️⃣ ဧည့်သည်များထဲမှ လူငယ်တစ်ဦးနှင့် မိန်းကလေးတစ်ဦးသည် ရိုမန်တစ်ဆန်သော အပြုံးများဖြင့် ဖုန်းနံပါတ်ဖလှယ်နေကြသည်

5️⃣ အချို့က အနီးနားရှိ လက်ဖက်ရည်ဆိုင် သို့မဟုတ် ဘီယာဆိုင်သို့ သွားကာ စကားစမြည် ပြောကြလိမ့်မည်

6️⃣ ဆွေမျိုးတစ်ဦးမှ လူကိုယ်တိုင်လာရောက်၍ မရသည့်အကြောင်း သင့်သမီးအား ဖုန်းဖြင့်ပြောပါမည်

7️⃣ နောက်တနေ့ ညစာစားချိန်မှာ ဆွေမျိုးအနည်းငယ်သာ ကျန်ပါတော့မည်

8️⃣ လူစုလူဝေးက ဖြည်းဖြည်းချင်း လူစုခွဲလာမည်

9️⃣ လာမည့်ရက်အနည်းငယ်အတွင်း သင့်ဖုန်းသည် ဖုံးခေါ်ဆိုမှုများနှင့် မက်ဆေ့ချ်အချို့ကို လက်ခံရရှိမည်ဖြစ်ပြီး သင်ကွယ်လွန်သွားပြီဖြစ်ကြောင်း သူတို့က မသိရှိသေးပါ

🔟 အကယ်၍သင်သည် ရုံး ကုမ္ပဏီ စသဖြင့်လုပ်ငန်းများ လုပ်ကိုင်နေသူဆိုလျှင် သင့်နေရာတွင် တစ်စုံတစ်ဦးကို အစားထိုးရန်အတွက် အမြန်စီစဥ်နေကြပါပြီ

1️⃣1️⃣ သင့်ရဲ့ပိုင်ဆိုင်မှုများကို သင်၏အကျိုးခံစားခွင့်ရှိသူများမှ လွှဲပြောင်းယူရန်အတွက် ပြင်ဆင်ကြပြီ

1️⃣2️⃣ မင်းသေဆုံးသည့်သတင်းကိုကြားပြီးနောက် Facebook သူငယ်ချင်းအချို့သည် မင်းရဲ့နောက်ဆုံးပို့စ်ကို စပ်စုစိတ်နဲ့ ဝမ်းနည်းမှုဖြင့် ဝင်ရောက်ကြည့်ရှုမှု ရှိနိုင်တယ်

1️⃣3️⃣ ရက်အနည်းငယ်ကြာပြီးနောက် မင်းရဲ့ သားနဲ့သမီးဟာ သူတို့ရဲ့ခွင့်ရက်ကုန်ဆုံးပြီး အလုပ်သို့ပြန်ရန်အတွက် ပြင်ဆင်နေကြပြီး အလုပ်ရှုပ်နေလိမ့်မယ်

1️⃣4️⃣ လအနည်းငယ်ကြာလာသောအခါ သင့်အိမ်ထောင်ဖက်သည် ဟာသvideoကို ကြည့်ရှုပြီး မရပ်မနား ရယ်မောပါမည်

1️⃣5️⃣ လာမည့်လအနည်းငယ်အတွင်း သင်၏ရင်းနှီးသောလူများသည် ကမ်းခြေ အပန်းဖြေစခန်းများသို့ သွားကြလိမ့်မည်

1️⃣6️⃣ သစ်ပင်ကြီးတစ်ပင်ရဲ့ အရွက်တွေကြွေကျသလိုပဲ လူတိုင်းရဲ့ဘဝဟာ နေထိုင်ပြီး သေဆုံးသွားတာပါ

အုတ်ဂူထဲက မင်းကို မေ့ပျောက်သွားကြတာ အံ့သြစရာကောင်းတဲ့ အရှိန်နဲ့ လို့ ပြောလို့ရတယ်

1️⃣7️⃣ သင်၏သေဆုံးခြင်း ပထမဆုံး နှစ်ပတ်လည်ကို ဆွေမျိုးမိတ်သင်္ဂဟ အများနဲ့ ကျင်းပလိမ့်မယ်

1️⃣8️⃣ တဖြည်းဖြည်း နှစ်တွေကုန်သွားတော့ ဘယ်သူမှ မင်းအကြောင်း မပြောကြတော့ဘူး

1️⃣9️⃣ မင်းရဲ့မွေးရပ်မြေမှာ မင်းနဲ့သိကျွမ်းခဲ့တဲ့ လူထောင်ပေါင်းများစွာထဲက မင်းအကြောင်းကို နည်းနည်းလေးပြောသူ မရှိသလောက်ဖြစ်လာပြီ
လူတွေက မင်းကို မေ့သွားကြပြီ

ဒါဆို မင်းဟာ ဘယ်သူ့အတွက်လဲ ?

မင်းဘယ်သူ့ကို စိတ်ပူနေတာလဲ ?

သင့်ဘ၀ အချိန်ရဲ့ 80% က သင့်အပေါ် ကို တခြားသူတွေက ဘယ်လိုထင်မြင်နေသလဲဆိုတာကို ဂရုစိုက်နေတာလား...

ဒါမှမဟုတ် သင့်အပေါ် အခြားသူတွေ
ကြေနပ်အောင် တစ်ခုခုကို စွမ်းဆောင်ပြဖို့ ကြိုးစားနေတာလား ....

မင်း အသက်ရှင်နေတာ သူတို့ ကြေနပ်ဖို့လား...

ဒါမဖြစ်သင့်ပါဘူး အသုံးမဝင်ပါဘူး...

❤ မင်းမှာ ဘဝတစ်ခုပဲရှိတယ်

❤ မင်းလိုချင်တဲ့ဘဝကို ဖြတ်သန်းပါ

❤ မင်းရဲ့ဘဝကို ပျော်ရွင်စွာနေထိုင်ပါ



#မူရင်း

တရုတ်ဘာသာဖြင့် ရေးထားသော မူရင်းပိုစ့်မှ

သင့်လျော်မည့် စာသားများကို ထုတ်နှုတ်ခြင်းနှင့်

အနည်းငယ် ပြင်ဆင်ခြင်းများ ပြုလုပ်ထားပါသည်

25/09/2024

#သိန်းငှက်မတစ်ကောင်ဟာ ဥဥဖို့အတွက်
တောင်ပေါ်မှာပေါက်တဲ့ သစ်ပင်ရှာတယ်။
အဲ့ဒီသစ်ပင်ထဲမှာတောင် အမြင့်ဆုံးသစ်ပင်
ပေါ်မှာ အသိုက်ကိုဆောက်တယ် ။

ပထမတော့ အသိုက်ကို ကြီးတဲ့သစ်ကိုင်း
သစ်ခက်တွေနဲ့ ဆောက်လုပ်ပါတယ် ။
အဲဒီအထဲမှာ သစ်ရွက်ခြောက်တွေ
ထည့်တယ်။ နောက်တော့မှ သူမရဲ့
အမွေးနုတွေကို နှုတ်သီးနဲ့ ဆွဲနှုတ်ပြီး
ထည့်တယ် ။ နောက်တော့ အဲ့ဒီအပေါ်မှာ
ဥကိုဥလိုက်ပါတယ် ။ ဥကများများ မဥပါ
ဘူး။ တစ်လုံး နှစ်လုံးပါပဲ။ အဲဒီဥပေါ်မှာ
သိန်းငှက်မကြီး ဝပ်တယ် ။

အချိန်တန်တော့လည်း ဥထဲက
သိန်းငှက်ကလေးတွေ ပေါက်လာတယ် ။
သိန်းငှက်မကြီး ငယ်သေးတဲ့ သိန်းငှက်
ကလေးတွေအတွက် အစားရှားကျွေးပါတယ်
သိန်းငှက်ကလေးတွေ အမွှေးနုတွေထွက်လာ
ပြီ ဆိုရင် သိန်းငှက်မကြီးက အသိုက်ထဲမှာ
ရှိတဲ့ အမွေးနုတွေကို ဖယ်ရှားပစ်တယ် ။

နောက်မကြာခင်မှာပဲ သိန်းငှက်ကလေးတွေ
ရဲ့ အမွေးတွေရှည်လာရင် သိန်းငှက်မကြီး
က သစ်ရွက်ခြောက်တွေ ဖယ်ရှားလိုက်
တယ်။ သဘောကတော့ ကြမ်းတမ်းတဲ့
သစ်ကိုင်းသစ်ခက်တွေရဲ့ အထိအတွေ့နဲ့
ကြီးပြင်စေချ င်လို့ပါ ။

နောက်မကြာခင်မှာပဲ သိန်းငှက်ကလေးတွေ
ရဲ့ အတောင်ပံတွေက ရှည်သထက်
ရှည်လာတယ်။ ပျံသန်းလို့ ရနိုင်တဲ့
အချိန်ကို ရောက်ပြီလို့ သိန်းငှက်မကြီးက
ယူဆတဲ့အချိန်မှာ သိန်းငှက်ကလေးတွေကို
အသိုက်ထဲက တွန်းချလိုက်တယ် ။

သိန်းငှက်ကလေးတွေက ယက်ကန်ယက်နဲ့
တောင်ပေါ်အသိုက်ထဲက ပြုတ်ကျသွား
တယ်။ မပျံ နိုင်သေးလို့ ကျောက်ကြိုကျောက်ကြားထဲကျလို့
မရသေးဘူး ထင်ရင်
သိန်းငှက်မက အသိုက်ထဲကို ပြန်ချီလာတယ်

သိပ်မကြာခင်မှာပဲ သိန်းငှက်မကြီးက သူရဲ့
သားသမီးတွေကို အသိုက်ထဲက တွန်းချပြန်
တယ် ။

ဒီလိုနည်းနဲ့ပဲ အကြိမ်ကြိမ် အခါခါ
တွန်းချပါတယ် ။

သိန်းငှက်ကလေးတွေဟာ လေထဲမှာ
ဝဲပြီးပျံသန်းနိုင်ပြီဆိုတာနဲ့ အစစအရာရာ
ကိုယ့်တာဝန် ကိုယ်ယူပေတော့
သိန်းငှက်မကြီးရဲ့ တာဝန်ပြီးပြီ ။

အမေရိကန်နိုင်ငံသားတွေဟာ
သိန်းငှက်ပုံပြင်လိုပဲ သူတို့သားသမီးတွေကို
လမ်းလျှောက်တတ်ကာစမှာပဲ အမှိုက်ပုံးမှာ
ကိုယ့်အမှိုက်ကို ကိုယ်ပစ်တတ်အောင်
သင်ပေးတယ် ။

အရွယ်နဲ့အမျှ တတ်နိုင်တဲ့ တာဝန်ကို
ထမ်းဆောင်ဖို့ လေ့ကျင့်ပေးတယ် ။

အသက်( ၁၈ ) နှစ်ပြည့်ရင်တော့
သိန်းငှက်မက အသိုက်ထဲက တွန်းချလိုက်
သလိုမျိုး တွန်းချလိုက်တာပဲ ။

ကိုယ့်စရိတ်ကိုယ်ရှာပြီး ကောလိပ်
တက္ကသိုလ်တက်ပေတော့ ဘွဲ့မရခင်မှာဘဲ
လုပ်ငန်းအတွေ့အကြုံက အမျိုးမျိုးရနေပြီ။

ယောက်ျားရော မိန်းမပါ အရွယ်ရောက်တာ
နဲ့ ကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်
မောင်းတတ်နေပြီ။
ရေကူးခြင်းအတတ်ပညာကိုလည်း
ကောင်းကောင်းကျွမ်းကျင်နေပြီ။
နိုင်ငံပေါင်းမြောက်များစွာကိုလည်း
ရောက်ဖူးနေပြီ ။

သားသမီးတွေကို မိဘများအနေနဲ့
ဘဝမှာ အကောင်းဆုံးလက်ဆောင်ဟာ
တစ်သက်လုံး သုံးလို့ မကုန်တဲ့ ငွေမဟုတ်
ပါဘူး ။

ရင်ခွင်ထဲမှာ အမြဲတမ်းထည့်ထားဖို့လည်း
မဟုတ်ပါဘူး။ ဘွဲ့လက်မှတ်လည်း
မဟုတ်ပါဘူး ။

အိမ်ထောင်ဖက်ကောင်းကောင်းကို
ရွေးပေးတာလည်း မဟုတ်ပါဘူး ။

မိဘများအနေနဲ့ သားသမီးတွေကို
ပေးသင့်တဲ့ အကောင်းဆုံး
လက်ဆောင်ကတော့

ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးတဲ့
စိတ်ဓာတ်ပါ ။

ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ်ကို
ရနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုက
တော့

သူတို့ကြောက်နေတဲ့ အလုပ်ကို
သူတို့ကို လုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်တယ် ။
မိဘများအနေနဲ့ ထိန်းကြောင်းပေးဖို့ပဲ
လိုပါတယ်။

သူတို့ကို အကြိမ်ကြိမ်အခါခါ
တွန်းချဖို့ လိုပါတယ်။

#ရွှေမိတ်သစ်

24/09/2024

ဘယ်ယောင်္ကျားကခံနိုင်မှာလဲ
စူးရှတဲ့အကြည့်
#အကြည့်

20/09/2024

#ကိမ်ရှန့်ခမ်း
#စစ်ကိုင်းတိုင်း
#ကလေးမြို့နယ်
#စခန်းကြီးရွာ

19/09/2024

တစ်လမှ လစာငွေ နှစ်သိန်းသာရသောအဖေက
ဒီဟောပြောပွဲကို သွားနားထောင်ရင်
ကျနော့်ကို မုန့်ဖိုး တစ်သိန်းပေးမယ်လို့
စည်းရုံးထားတယ်လေ။

လက်မှတ်ကြေးက တစ်စောင်ကို တစ်သောင်းနှုန်း၊လက်မှတ်ငါးစောင်ဖြတ်ပေးလိုက်တယ်။
ကျနော့်ရဲ့ ဆိုးဖော်ဆိုးဖက်
သူငယ်ချင်းတွေအတွက်ရောပေါ့။

ဒီနေ့ ဒီဟောပြောပွဲကို
တက်ရောက်ကြားနာခဲ့ခြင်းဟာ
ဘဝမှာအမှန်ဆုံးအလုပ်တစ်ခုဖြစ်မယ်ဆိုတာ
ကျနော်မသိသေးဘူး။

ခန်းမထဲမှာ လူတွေအပြည့်ပဲ။

တချို့က မိသားစုလိုက်။
တချို့က စုံတွဲခုတ်လာကြတယ်။
တချို့က ကျနော်တို့လို ဘော်ဒါအဖွဲ့။

စင်ပေါ်ကို လူတစ်ယောက် တက်လာတယ်။

မျက်နှာက ပြုံးပြုံးရွှင်ရွှင်နဲ့…
ထူးထူးခြားခြားတောက်ပနေတာက
သူ့ရဲ့ ယုံကြည်မှုရှိတဲ့ ဟန်ပန်ပဲ။

နိုင်ငံသိ ကျော်ကြားအောင်မြင်သူဆိုတော့လည်း
ဒီလို confidence ရှိနေတာ မဆန်းပါဘူး။
ဒါပေမယ့် သူက ဟိတ်ကြီးဟန်ကြီးမဟုတ်ဘူး။
တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့။
ဂျင်းဘောင်းဘီ ဝတ်ထားတယ်။
တီရှပ်တစ်ထည် ဝတ်ထားတယ်။

မြန်မာ့အဆင့်( ၁ )သူဌေးကြီးလို့
ဘယ်သူထင်မှာလဲ။
"မင်္ဂလာပါ။ ကျနော် ကျော်စွာပါ။”
မိတ်ဆက်ပုံက ဒီလောက်ပဲ။

နိုင်ငံတော်က ချီးမြှင့်ထားတဲ့
သူဌေးဘွဲ့ကို သူမရွတ်ပြဘူး။

"ကျနော်က ဟောပြောချင်တာမဟုတ်ဘူးဗျ။
ပြောပြချင်တာ။ဒီနှစ်ခုမတူဘူးနော်။
အပေါ်စီးကနေသင်ကြားပေးချင်တာမဟုတ်ဘူး။နှလုံးသားက လာမယ့်စကားတွေကို
နှလုံးသားထဲ တိုက်ရိုက် မျှဝေပေးချင်တာ။

ကျနော်က စကားပြောသိပ်ကောင်းတာတော့
မဟုတ်ဘူး။ ဒါကြောင့် ရူပါနဲ့ပဲ ထိန်းထားရတာ။
အောင်မြင်တဲ့ နိဒါန်းပဲလား။

လေးလံခမ်းနားတဲ့ ဘွဲ့တံဆိပ်တွေနဲ့ သီရိသုဓမ္မ
ဘာညာသူဌေးကြီးက ဒီလို ပေါ့ပေါ့ပါးပါးလေး အရွှန်းဖောက်တော့ ပရိတ်သတ်က ပြုံးစိပြုံးစိ
ဖြစ်သွားတယ်။

"ကျနော်က သူဌေးဖြစ်နည်းကို ဟောပြောမှာ မဟုတ်ဘူးနော်။ကျနော့်ညီ ကျနော့်ညီမတွေလို လူငယ်တွေအတွက် ဘဝနေနည်းလေး အကြံပြုချင်တာပါ။

တစ်ခါက ဘုရင်ကြီးတစ်ပါးက အမတ်တွေကို
ပြောတယ်။ကမ္ဘာအရပ်ရပ်က လူသားသမိုင်းတွေကို လေ့လာချင်တယ်တဲ့။
အဲ့ဒိခေတ်က စာရွက်မပေါ်သေးလို့ ဆိတ်သားရေ၊
နွားသားရေမှာ စာရေးနေရတဲ့ခေတ်လေ။
ဘုရင့်နန်းတော်ရှေ့မှာ
လှည်းအစီးထောင်ပေါင်းများစွာဟာ
သားရေပြားတွေတင်ပြီး ရောက်နေတယ်။

ဘုရင်က အံ့သြတကြီးနဲ့
"အဲ့ဒါဘာတွေလဲ”ဆိုတော့ အမတ်ကြီးက
ကမ္ဘာအရပ်ရပ်က လူသားသမိုင်းတွေကို
သုံးနှစ်သုံးမိုး ပြုစုထားတာပါတဲ့။

"ငါဘယ်လိုလုပ် ဖတ်နိုင်မှာလဲ အမတ်ကြီးရဲ့။
ခပ်တိုတိုလေး ပြန်ပြုစုပေး”

အဲ့ဒီအချိန်မှာ အမတ်ကြီးက သူဆောင်ယူလာတဲ့
သားရေပြားချပ်လေးကို ပေးလိုက်ရင်း

"ဒါကမ္ဘာအရပ်ရပ်က လူသားသမိုင်းပါ
အရှင်မင်းကြီး”

မင်းကြီးမျက္မှောင်ကုပ်သွားတယ်။
လူသားသမိုင်းတဲ့။ရေးထားတော့
စာကနှစ်ကြောင်းတည်း။

"သူတို့ မွေးဖွားလာကြသည်။
သူတို့ သေဆုံးသွားကြသည်။”

အဲ့ဒါဘဝပဲ။

နိဒါန်းက မွေးဖွားခြင်း။
နိဂုံးကသေဆုံးခြင်း။
သတ္တဝါတိုင်း အတူတူချည်းပဲ။

ကျနော်လည်း ဒီမွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့
ကြားကာလမှာ ရုန်းကန်ရွေ့လျားနေတဲ့
လူတစ်ယောက်ပဲ။ ကျနော်ဘယ်လိုနေခဲ့လဲ။

ကျနော်လည်း ညီလေးတို့ ညီမလေးတို့လို
ကျောင်းသားလူငယ်ဘဝကိုဖြတ်သန်းခဲ့ဖူးတယ်။
ဆိုးခဲ့ဖူးတယ်။ တေခဲ့ဖူးတယ်။ ပေခဲ့ဖူးတယ်။

ဘဝမှာ ကြက်ခြေခက်တွေ အပြည့်နဲ့။

ဘဝပျောက်လောက်အောင်တော့
မဆိုးခဲ့ဘူးပေါ့။ ကျနော့်အဖေကမှာတယ်။

မင်းကြိုက်သလောက်ပျော်ပါ။ ဒါပေမယ့်
အိမ်ကိုတော့ ရောက်အောင်ပြန်ခဲ့ပါတဲ့။

ဒါကို ဒဿနတစ်ခုလို့ ကျနော်မသိဘူး။

အခွင့်အရေးတစ်ခု၊ လွတ်လပ်ခွင့်တစ်ခုလို့ပဲ
ထင်ခဲ့တာလေ။ ညလုံးပေါက် ဂစ်တာတွေတီး၊
သီချင်းတွေဆို၊ ဘော်ဒါတွေနဲ့မူးယစ်ပျော်ပါး။
မနက်လေးနာရီလောက်မှ အိမ်ပြန်ဖြစ်တဲ့နေ့တွေက မနည်းလှဘူး။

ရက်တွေကြာလာတော့ အဖေက ပြောတယ်။

"သား ကြိုက်သလောက်ပျော်ပါ။
သားအပျော်ကြူးတာနဲ့ တိုက်ရိုက်အချိုးတူစွာ
အဖေတို့ စိတ်ပူရတယ်။
ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ်
သားအတွက် ဘေးကင်းမယ့် ဒီအိမ်လေးမှာ
တစ်ထောက်ပြန်နားပါသား။

သားဘယ်နေရာမှာမူးမှောက်ပြီး အိပ်ပျော်နေမလဲ။
ဘယ်နေရာမှာ ရန်တွေဖြစ်ပြီး
အရိုက်အနှက်ခံနေရမလဲ။
ဖေဖေတို့ စိတ်ပူနေရတယ်။

မနက်လင်းလို့ အိပ်ရာပေါ်မှာ ဘေးကင်းကင်းနဲ့ အိပ်မောကျနေတဲ့ သားကိုမြင်မှ အဖေတို့
တစ်ရက်စာ စိတ်အေးရတယ်”တဲ့

ကျနော်မသိခဲ့ဘူး။

ကျနော့်ရဲ့ ပျော်ပါးခြင်းဟာ မိဘကို စိတ်ပူပန်စေတယ်ဆိုတာ ကျနော်မသိဘူး။ ကျနော်ပဲ ပျော်ချင်တာ။
ကျနော့်တစ်ကိုယ်စာလေးပဲ ကျနော်တွေးခဲ့တာ။

အဲ့ဒီနောက်ပိုင်း တော်ရုံတန်ရုံအကြောင်းမရှိရင်
ကျနော့်အိမ်ပြန်ချိန်တွေ ညဉ့်မနက်တော့ဘူး။
ကျနော့်ကြောင့် မိဘကို စိတ်ပူစေမယ့်
ဘေးကို အတတ်နိုင်ဆုံးအေးစေခဲ့တယ်။

အမေကတော့ အဖေ့ကို ပြောတယ်။

"ရှင့်နည်းက စွန့်စားလွန်းရာမကျဘူးလား။
၂နှစ်နီးပါးလောက် သားလေးကို ပရမ်းပတာ
လွှတ်ပေးခဲ့တာ အန္တရာယ်သိပ်များတယ်။
ဒီကြားထဲ တစ်ခုခုဖြစ်သွားတဘယ့်နှယ့်လုပ်မလဲ”တဲ့။

ကျနော့်စိတ်ထဲမှာ စူးစူးနင့်နင့်နားလည်လိုက်တာက
မိဘအိမ်ဆိုတာ သားသမီးတွေအတွက်
လုံခြုံဘေးကင်းရာအရပ်ပဲ။
ညီလေးတို့ ညီမလေးတို့လည်း လူငယ်ပီပီ
ရူးမိုက်ပျော်ပါးချင်လိမ့်မယ်။
ပျော်ပါးဖူးလိမ့်မယ်။

ဒါပေမယ့်

မိဘတွေဘက်က ဝင်တွေးကြည့်ပါ။
မင်းတို့အတွက် မိဘအိမ်ဟာ
ဘေးကင်းလုံခြုံရာအရပ်ပဲ။
ရောက်အောင်ပြန်ပါ။

ကျနော်ဒုတိယနှစ်ရောက်တော့ ရည်းစားရနေပြီ။
အရူးအမဲသား စားရသလိုပေါ့ဗျာ။
အခုမှ ဣတ္ထိယနဲ့ ထိတွေ့ဖူးတော့
ကြားလေသွေးရင်တောင်
ဝေးတယ်လို့ ထင်မိတာမျိုး။

တစ်ရက် အဖေက မေးတယ်။

" သား ချစ်သူရပြီလား”တဲ့
"ဟုတ်ကဲ့”လို့ ဖြေတော့
"မင်းဘယ်မှာ နေမလဲ။ ဘာအလုပ်လုပ်စားမလဲ။
မင်းဘဝရည်မှန်းချက်က ဘာလဲလို့မေးတယ်။
မေးခွန်းက ရိုးရှင်းသလောက် အဖြေကသိပ်ခက်တယ်။ခက်တာထက်ကို ပိုပါတယ်။ အဖြေက ရှိကိုရှိမနေတာ။
အဖေက ဘာမှဆက်မမေးတော့ဘူး။

ဟုတ်တယ်။

ဒါက အဖေ ကျနော့်ကို မေးရမယ့်မေးခွန်းမဟုတ်ဘူး။
ကျနော့်ကို ကျနော်မေးရမှာ။
ငါဘာအလုပ်လုပ်မှာလဲ။
ငါ့ရည်မှန်းချက်ကဘာလဲ။
ကိုယ်လျှောက်မယ့်လမ်းတောင်
ကိုယ်မဖောက်ရသေးတဲ့အဖြစ်ပါ။
တကယ်က လမ်းပျောက်နေတာမဟုတ်ဘူး။
လမ်းကို မရှိခဲ့တာ။

ညီလေးတို့ ညီမလေးတို့မှာရော
ရည်မှန်းချက်လမ်းတွေ ရှိကြပြီလား။

ဒီလိုနဲ့ စီးပွားရေးဘက်ကို အထူးပြုလေ့လာမယ်
ဆိုပြီး စီးပွားရေးဘက်ကို စလေ့လာတယ်။
စာတွေဖတ်တယ်။ ကိုယ်ပိုင်လုပ်ငန်း
လုပ်နေကြတဲ့သူတွေကို အောက်ကျို့ခံပြီး
မေးခွန်းတွေမေးတယ်။ သင်ယူတယ်။

ပညာရှာ ပမာ သူတောင်းစားမဟုတ်လား။

သိလိုသူက မာန်ချထားရတယ်။
ပြဿနာ အသစ်တစ်ခု ထပ်တွေ့လာပြန်ရော။

သမီးရည်းစားပြဿနာပါ။

ရွေးချယ်ခဲ့တုန်းက ရုပ်ရည်ကြိုက်လို့ ရွေးခဲ့တာလေ။
သူ့အကျင့်၊သူ့စရိုက် ဘာကိုမှ လေ့လာပြီး ကြိုက်ခဲ့တာမဟုတ်ဘူး။

သူကျနော့်ကို ဖြတ်သွားပြီး နောက်တစ်ယောက်
တွဲသွားတယ်။
လူလည်း ရူးမလိုလို ကြောင်မလိုလို
ဖြစ်သွားသေးတယ်။
သစ္စာမရှိတဲ့ မိန်းမဘာညာပေါ့။
ကျိန်စာတွေတိုက်။ အသဲတွေကွဲ၊အရက်တွေမူး။

အဲ့ဒီအချိန်မှာ အဖေကထပ်မေးတယ်။

"သူ့မှာ မင်းကို ဖြတ်ဖို့အခွင့်ရေးမရှိဘူးလား”တဲ့

ဟုတ်တယ်။
ဘာစာချုပ်စာတမ်းမှ ရှိတာမဟုတ်ဘူး။

တစ်သက်လုံးလက်တွဲပါမယ်လို့လည်း
ကတိမပေးထားဘူး။

ကျနော့်ကို သူ မလိုချင်တော့ရင်၊ မလိုအပ်တော့ရင် လမ်းခွဲဖို့ သူ့မှာ အခွင့်အရေးရှိနေတာပဲ။
ကျနော်လက်ခံပေးလိုက်တယ်။

နောက်တစ်ခါများတော့ ရည်းစားထားမယ်ဆိုရင်
သူ့ဘက်ကိုလည်း သေချာလေ့လာမယ်။
ကိုယ့်ဘက်ကလည်း သေချာပြင်ဆင်မယ်။
ဒီလိုတွေးဖြစ်လာတယ်။

တစ်သက်လုံး ကိုယ့်အိပ်ရာဘေးမှာ ထားရမယ့် အမျိုးသမီး၊ကိုယ့် အိမ်ရှင်မဖြစ်လာမယ့် အမျိုးသမီးကို တွေ့ကရာ မရွေးချယ်မိဖို့
ကိုယ့်ကိုယ်ကို ပြန်သတိပေးရတယ်။

ညီလေးတို့ ညီမလေးတို့ရော ကိုယ့်ကြင်ဖော်ကို
ရွေးချယ်တဲ့အခါ စိတ်ခံစားချက်အတိုင်း
ရွေးလိုက်တာလား။
ဉာဏ်နဲ့ရော ပိုင်းခြားစီစစ်ဖြစ်လား။

နောက်တစ်ကြိမ်ရွေးချယ်မှုကတော့
ကျနော့်အတွက် အကောင်းဆုံးဖြစ်ခဲ့တယ်။
အခုလက်ရှိ အိမ်သူသက်ထားပါပဲ။

လူနှစ်ယောက်ချိတ်ဆက်ဖို့ အတွက်
တစ်ခုတည်းသော လိုအပ်ချက်က နားလည်မှုပဲ။
သူ့အပြစ် ကိုယ့်အပြစ်၊ သူ့အမှား ကိုယ့်အမှား
သူ့အဆိုး ကိုယ့်အဆိုး၊ သူ့အားနည်းချက် ကိုယ့်အားနည်းချက်ကို အပြန်အလှန် နားလည်ပေး
ခဲ့ကြတယ်။

ဖုန်းတစ်လုံး အားသွင်းဖို့ adapterလိုတယ်
မဟုတ်လား။ Adapterဆိုတာ powerကိုမပေးဘူး။
Powerကိုလည်းမယူဘူး။ ပေးသူနဲ့ ယူသူကြားမှာ အဆင်ပြေအောင် ချိန်ညှိပေးတဲ့ deviceတစ်ခုပဲ။
နိုင်ငံရဲ့ power supply systemက 220AC၊
ဖုန်းကလိုချင်တာ 5amp(အမ်ပီယာ) current၊
Adapterမခံဘဲ တိုက်ရိုက် joinလိုက်ရင်
ဖုန်းပဲ ဂိသွားလိမ့်မယ်။

ဒါဟာ ပေးသူရဲ့အမှားမဟုတ်သလို
ယူသူရဲ့ အားနည်းချက်လည်း မဟုတ်ဘူး။

မတူညီ ကွဲလွဲခြင်းသာ။ နားလည်မှု adapterလည်း ကြားခံလိုက်တော့ အပေးအယူမျှတသွားရော။

ဒါကြောင့် ညီလေးတို့
ညီမလေးတို့ ပေါင်းသင်းဆက်ဆံတဲ့အခါ
သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်၊ မိဘနဲ့ပဲဖြစ်ဖြစ်၊ချစ်သူချင်းပဲဖြစ်ဖြစ် နားလည်မှုရှိကြပါ။

နားလည်မှုမရှိဘဲ ပေါင်းစပ်လို့ လုံးဝမရဘူး။

အဆီအငေါ်မတည့်ရင် နှစ်ဦးနှစ်ဖက် ထိခိုက်ရ
တတ်တယ်။ မိဘက adapterမခံဘဲ 220AC voltageပေးလိုက်လို့ လောင်ကျွမ်းသွားတဲ့
ပျက်စီးသွားတဲ့ ဖုန်းလိုမျိုး သားသမီးတွေ
ဘယ်လောက်တောင် ရှိနေမလဲ။

ဒီလိုနဲ့ စီးပွားရေးကို အစပြုရင်း ဖြတ်လမ်းနည်း
တွေနဲ့ အောင်မြင်ချင်လာတယ်။

သူဌေးကြီးတစ်ယောက်ကို မေးဖူးတယ်။

အောင်မြင်ဖို့ အမြန်ဆုံးနည်းပြောပြပါလို့။

သူဌေးကြီးဖြေသွားတာ သိပ်လှတာပဲ။

သမိုင်းဖြစ်ရပ်လေးတစ်ခုနဲ့ ဥပမာပေးသွားတာ။

ညီတို့ ညီမတို့ကို ဗဟုသုတအဖြစ်၊ message
တစ်ခုအဖြစ် မျှဝေချင်ပါတယ်။

မက္ဆီဒိုးနီးယား စစ်ဘုရင် အလက်ဇန်းဒါး
သေဆုံးပြီးနောက္မှာ သူပိုင်တဲ့နယ်မြေတွေကို
သူ့စစ်သူကြီးတွေက ခွဲဝေယူတယ်။

အီဂျစ်မြေကိုယူတဲ့ တော်လမီ ၁ လက်ထက်မှာ
ဘုရင် တော်လမီက Geometryပညာရှင်
ယူကလစ်ဆီက geometryပညာကို အလွယ်သင်ဖို့ ကမ်းလှမ်းတယ်။

ယူကလစ်ရဲ့အဖြေက သိပ်ရိုးရှင်းတယ်။
သိပ်ရဲရင့်တယ်။

"Geometryပညာကိုသင်ဖို့ ရှင်ဘုရင်အတွက်
အထူးနည်းလမ်းမရှိပါဘူး”တဲ့။

ဒါကြောင့် ကျနော်တို့ ဘယ်ပညာကိုပဲ
သင်ယူသည်ဖြစ်ဖြစ် ဝီရိယထည့်ဖို့လိုတယ်။

ခြေထောက်ကနေ ခြေလှမ်းဖြစ်ပြောင်းသွားတာ
ဝီရိယကြောင့်ပဲ။ ဦးတည်ရာကို ရွေးချယ်တာက
ဉာဏ်ရည်ပေါ့။
လျှောက်လမ်းမှာခလုတ်မထိ ဆူးမငြိဖို့က
သတိတရားရဲ့ လုပ်ဆောင်ချက်။

ဒီလိုနဲ့ စီးပွားရေးတစ်ခုကို ဇောက်ချလုပ်ဖြစ်
လာတယ်။ အတော်အတန် အောင်မြင်လာတယ်။

ကျနော်နဲ့ ခင်မင်လာတဲ့ သူဌေးကြီးတစ်ယောက်က
ကျနော့်ကိုမေးတယ်။ စာဖတ်ဖြစ်လားတဲ့။
အချိန်လည်း သိပ်မအားတာနဲ့ မဖတ်ဖြစ်ဘူးလို့
ပြောတော့

သူဌေးကြီးက

"မင်းအလုပ်ချိန်တွေက ဘယ်လောက်တောင်
တန်ကြေးရှိနေလို့ စာမဖတ်ရတာလဲ။
မင်းရဲ့ နှစ်နာရီလုပ်အားခက တစ်သိန်းလား
နှစ်သိန်းလား။

စာတစ်ပုဒ်ကပေးမယ့် အသိတရားက မင်းရှာနိုင်တဲ့
ငွေထက် အမြဲတန်ဖိုးကြီးတယ်ဆိုတာ မှတ်ထား”တဲ့

တပည့်လိုဖြစ်နေလို့ ခပ်ကြမ်းကြမ်းပြောတယ်
ထင်ပါတယ်။

နောက် လေသံပျော့သွားပြီး

"ငါ့ညီ ကျော်စွာ ဘေဂိတ်ကြီးရဲ့ တစ်နာရီလုပ်အားခက တို့ထက် အပုံကြီးသာလိမ့်မယ်။
ဒါပေမယ့် ဘေဂိတ်ဇောက်ချလုပ်နေတာ စာဖတ်ခြင်းပဲ။

လင်ကွန်းကပြောတယ်။
ကျုပ်ကို သစ်ပင်ခုတ်ဖို့ အချိန် ခြောက်နာရီပေးရင်
လေးနာရီက ပုဆိန်သွေးနေမှာတဲ့။
ငါတို့ အလုပ်လုပ်နေတယ်ဆိုတာ
ဉာဏ်ပုဆိန်နဲ့ သစ်ပင်ခုတ်နေတာ။

စာဖတ်တယ်ဆိုတာ

အဲ့ဒီဉာဏ်ပုဆိန်ကို သွေးနေရတာ။
မင်းပုဆိန်သွေးဖို့ မပျက်ကွက်နဲ့။
ပုဆိန်တုံးလာလိမ့်မယ်”တဲ့။

ဒီတော့ ညီလေးတို့ ညီမလေးတို့ကို
ကျနော်ကပြောမယ်။

ကျနော့်အဆင့်နဲ့ အချမ်းသာဆုံးသူဌေးဖြစ်နေရတာ
ကျနော်ဂုဏ်မယူဘူး။
ကျနော့်ထက် ပိုချမ်းသာတဲ့သူပေါ်လာလို့လည်း
ကျနော်စည်းစိမ်လျော့မသွားဘူး။

နံပါတ် တစ်ဖြစ်နေခြင်းက နှိုင်းရတန်ဖိုးပါ။

ပကတိမှမဟုတ်တာ။

ကျနော်ထက် ပိုချမ်းသာသူပေါ်လာရင်
ကျနော်ထက်ပိုပြီး နိုင်ငံသားတွေကို
အလုပ်အကိုင် အခွင့်အလမ်းတွေ
ဖန်တီးပေးနိုင်လိမ့်မယ်။

ကျနော့်နိုင်ငံကြီး
ဒီထက်ပိုတိုးတက်လာလိမ့်မယ်။
ကျနော်မျှော်လင့်တယ်။

ညီတို့ ညီမတို့လည်း ပျော်ကြပါ။
ဒါပေမယ့် ဘေးကင်းပါစေ။
ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပါ။

ဒါပေမယ့် ရည်မှန်းချက်ရှိပါစေ။

ချစ်ကြပါ။
ဒါပေမယ့် နားလည်မှုရှိပါစေ။
အလုပ်လုပ်ကြပါ။

ဒါပေမယ့် စာဖတ်ဖို့ အချိန်ရှိပါစေ။
အောင်မြင်ခြင်းမှာ ဂုဏ်ယူကြပါ။
ဒါပေမယ့် မာန်မာနတော့ ကင်းပါစေ။

နိုင်ငံအနာဂတ်အတွက် ညီတို့ညီမတို့ကိုပဲ
ကျနော်က အားကိုးမျှော်လင့်နေမှာပါ။

ဟုတ်ကဲ့ ကျနော့် စကားကို စိတ်ဝင်တစား
နားထောင်ပေးကြလို့ ကျနော် ကျော်စွာက
အားလုံးကို ကျေးဇူးတင်ပါတယ်။

လူကြီးမင်းတို့ ဝယ်ယူလာတဲ့ လက္မှတ်တွေကို
အရောင်းကောင်တာမှာ ဝယ်စျေးအတိုင်း
ပိုက်ဆံပြန်ထုတ်သွားလို့ရပါတယ်။

ဒီနေ့ စကားပွဲလေးဟာ ငွေကြေးအကျိုးအမြတ်
လိုချင်လို့ လုပ်တဲ့စကားပွဲမဟုတ်ဘူး။

ဒါပေမယ့် လေးနက္မှု့တစ်ခုရချင်လို့ စည်းစနစ်ကျချင်လို့ ငွေနဲ့ ရောင်းတဲ့သဘောပါ။

လူကြီးမင်းတို့ ငွေပြန်မထုတ်လိုဘူးဆိုရင်လည်း
ဒီငွေတွေဟာ မိဘမဲ့ကလေးကျောင်းကို
အလှုငွေအဖြစ် ရောက်ရှိသွားမှာပါ။

ငွေတစ်သောင်းဟာ တချို့လူတွေအတွက်
သိပ်များနေသေးတဲ့ ပမာဏမို့လို့ ထုတ်ယူမယ်
ဆိုရင်လည်း နားလည်ကြည်ဖြူမှာပါ။”

လက်ခုပ်သံများ မစဲအောင် ထွက်ပေါ်လာသည်။

ကျနော်နဲ့ ကျနော့်သူငယ်ချင်းတစ်သိုက်လည်း
လက်ခုပ်ကို အားရပါးရတီးဖြစ်ခဲ့သည်။

တကယ့် ဂါရဝလက်ခုပ်သံပါ။
မုဒိတာလက်ခုပ်သံပါ။
ကျေးဇူးတင်တဲ့ လက်ခုပ်သံပါ။

အိမ်အပြန်လမ်းမှာ ခြေလှမ်းတွေတက်ကြွနေသည်။ဘယ်နှစ်ကြိမ်မှန်းမသိ
ကျေနပ်ပြုံးတွေ ပြုံးမိနေသည်။

လက္မှတ်ငါးစောင်အတွက် ငွေငါးသောင်းကို
ကျနော်တို့ ပြန်မထုတ်ယူဖြစ်ခဲ့ပါ။

အဖေပေးမယ့် ငွေတစ်သိန်းလည်း
ကျနော် မလိုချင်တော့။

ကျေးဇူးပါ ဖေဖေရယ်လို့
လိပ်ပြာသန့်သန့်ပြောနိုင်ဖို့
ငွေတစ်သိန်းကြောင့် အပျက်စီးမခံနိုင်ပါ။

နိုင်ငံအတွက်၊ မိဘအတွက်၊ မိမိအတွက်
အသုံးကျတဲ့ နိုင်ငံသားအဖြစ်၊
သားသမီးကောင်းအဖြစ်၊
လူသားကောင်းအဖြစ် ကျနော်စတင်ရတော့မယ်။

#ခရပ်တစ်
ပြည်လည်မျှဝေပါသည်။

09/09/2024

#အဲ့တာအညာဒေသလို့ခေါ်တယ်
#စည်းလုံးခြင်းအင်အား ပြချိန်တန်ပြီ



#အညာဒေသ
#အညာမြေ

Want your business to be the top-listed Beauty Salon in Kalemyo?
Click here to claim your Sponsored Listing.

Category

Website

Address


Kalemyo