MySelf MyLife
2022
10/09/2022
အဲလစ်ဇဘက် ဘုရင်မကြီးနတ်ရွာစံခြင်းအတွက် ၀မ်းနည်းမှတ်တမ်း လာရောက်ရေးသားနိုင်ကြောင်း ရန်ကုန်ဗြိတိသျှသံရုံးထုတ်ပြန်
အဲလစ်ဇဘက်ဘုရင်မကြီး နတ်ရွာစံခြင်းအတွက် ဝမ်းနည်းပူဆွေးမှုကို အများပြည်သူတွေ လာရောက်ရေးသားနိုင်ဖို့အတွက် ဝမ်းနည်းမှတ်တမ်းစာအုပ်ကို ဒီကနေ့ စက်တင်ဘာ ၉ ရက် ညနေ ငါးနာရီအထိ ရန်ကုန်မြို့၊ ကမ်းနားလမ်းမှာရှိတဲ့ ဗြိတိသျှသံရုံးမှာ ဖွင့်လှစ်ထားကြောင်း ဗြိတိသျှသံရုံးရန်ကုန်က ကြေညာလိုက်ပါတယ်။
ဒီအစီအစဥ်ကို လာမယ့်ရုံးဖွင့်ရက် စက်တင်ဘာ ၁၂ ရက်ကနေ စက်တင်ဘာ ၁၅ ရက်နေ့အထိ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်သလို အွန်လိုင်းကတစ်ဆင့် ဝမ်းနည်းမှတ်တမ်းရေးသားလိုသူတွေအတွက်လည်း ဒီလိပ်စာ https://www.royal.uk/send-message-condolence မှာ ဝင်ရောက်ရေးသားနိုင်ကြောင်း သံရုံးထုတ်ပြန်ချက်ကဆိုပါတယ်။
ဒုတိယမြောက်အဲလစ်ဇဘက် ဘုရင်မကြီးဟာ အသက် ၉၆ နှစ်အရွယ်၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈ ရက် ဗြိတိန်စံတော်ချိန် မွန်းလွဲပိုင်းမှာ ဘဲလ်မိုရယ်စံအိမ်မှာ နတ်ရွာစံခဲ့တာဖြစ်ပါတယ်။
သာဝတ္ထိမြို့တော် - ၁
============
ပိဋကတ်တော်ကို လေ့လာသင်ယူကြမယ် ဆိုရင် သာဝတ္ထိ ဆိုတဲ့ အမည်ကို အကြိမ်ကြိမ် ကြားသိတွေ့မြင်ကြရမှာ ဖြစ်ပြီး ဗုဒ္ဓ ဘာသာဝင်နီးပါးတိုင်း ဟာလည်း သာဝတ္ထိ မြို့ ကြီးကို ရင်းနှီးနေကြပါတယ်။
သာဝတ္ထိမြို့ ဟာ ကောသလတိုင်းရဲ့ မြို့တော်ဖြစ်တယ်။ ဗုဒ္ဓရှင်တော်ပွင့်ထွန်းတော်မူ ရာ ခေတ်အခါက အိန္ဒိယမှာ အစည်ပင် ဆုံးမြို့ ကြီး ခြောက်မြို့ထဲက တစ်မြို့ဖြစ်ခဲ့ပြီး ဗုဒ္ဓမြတ်စွာဟာ သာဝတ္ထိမြို့သား ကုန်သည်ကြီးဖြစ်တဲ့ အနာထပိဏ် သူဌေးကြီးရဲ့ လျှောက်ထားပင့်ဖိတ်မူကြောင့် ဘုရားဖြစ်တော်မူပြီးအစောပိုင်းကာလကတည်းက သာဝတ္ထိမြို့ကို ကြွရောက်ခဲ့သလို သူဌေးကြီးလှူဒါန်းခဲ့တဲ့ မြို့အနီးက ဥယျာဉ် ကျောင်းတိုက်ကြီးဖြစ်တဲ့ နာမည်ကျော် ဇေတဝန်ကျောင်းတိုက်ကြီးကို လည်း လက်ခံတော်မူခဲ့တယ်။ ဒီလို လက်ခံတော်မူခဲ့ပေမဲ့ ဝါတော် နှစ်ဆယ် မတိုင်မီရှေးဦးကာလအတွင်းမှာ ဗုဒ္ဓမြတ်စွာဟာ သာဝတ္ထိမှာ အခါများစွာ သီတင်းသုံးတော်မမူသေးကြောင်းတွေ့ကြရတယ်။ (၁၄) ဝါ မြောက် တစ်ကြိမ်သာ သာဝတ္ထိ မှာ ဝါဆိုတော်မူခဲ့တယ်။ အဲဒီ နောက် ဝါတော် (၂၁) ဝါက စပြီး သာဝတ္ထိ မြို့ မှာသာမိုးတွင်း ကာလတိုင်း အစဉ်တစိုက် ဝါကပ်တော်မူခဲ့ပြီး ဝါတော် (၄၄) ဝါမြောက် ပရိနိဗ္ဗာန် စံဝင်တော် မမူမီ ဝါ အထိ နှစ်ပေါင်း (၂၄) နှစ်ကြာ တဆက်တည်း သာဝတ္ထိမြို့တော်မှာ သီတင်းသုံးတော်မူခဲ့တယ်။ သာဝတ္ထိမှာအနာထပ်ိဏ် သူဌေးကြီးရဲ့ ဇေတဝန်ကျောင်းတိုက်ကြီးအပြင် ဗုဒ္ဓမြတ်စွာ သီတင်းသုံးတော်မူရာ အခြားကျောင်းတိုက် နှစ်တိုက်လည်း ရှိခဲ့ပါတယ်။
ကျောင်းတိုက်တစ်တိုက်က ကျောင်းအမကြီး ဝိသာခါ ရဲ့ နာမည်ကျော် ပုဗ္ဗာရုံကျောင်းတိုက်ကြီးဖြစ်ပြီး ဗုဒ္ဓမြတ်စွာဟာ သာဝတ္ထိမြို့တော်မှာ စုစုပေါင်း (၂၅) ဝါကြာသီတင်းသုံးတော်မူခဲ့တဲ့အနက် (၆) ဝါ ကို အဲဒီ ပုဗ္ဗာရုံကျောင်းတိုက်မှာ သီတင်းသုံးတော်မူခဲ့တာ ဖြစ်တယ်။ ကျန်ရှိတဲ့ကာလ တွေကိုတော့ ဇေတဝန်ကျောင်းတိုက်မှာ သာ သီတင်းသုံးတော်မူခဲ့တာဖြစ်တယ်။ ဇေတဝန်ကျောင်းတိုက်နဲ့ ပုဗ္ဗာရုံကျောင်းတိုက်တို့ အပြင် အခြား နာမည်ကျော် ကျောင်းတိုက်တစ်တိုက်လည်း သာဝတ္ထိမှာ ရှိပါသေးတယ်။ အဲဒီကျောင်းတိုက်ကတော့ သာဝတ္ထိမှာ နန်းစိုက်ထားတဲ့ ကောသလတိုင်းပြည်ရှင် ပသနဒီ ကောသလမင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ရာဇကာရာမ ကျောင်းတိုက်ဖြစ်ပြီး ဇေတဝန်ကျောင်းတိုက်ကြီးနဲ့ မျက်နှာချင်းဆိုင်မှာ ရှိခဲ့တယ်။
အနောက်တိုင်း ဗုဒ္ဓစာပေ ပညာရှင်တစ်ဦးဖြစ်တဲ့ ဝုဒ်ဝါဒ် ကတော့ နိကာယ်ကြီးလေးရပ် ထဲက သုတ်ပေါင်း (၈၇၁) သုတ်ဟာ သာဝတ္ထိ မှာ ဟောကြားခဲ့တာဖြစ်တယ်လို့ ရေတွက်ပြထားပြီး အဲဒီ သုတ်ပေါင်း (၈၇၁) သုတ်မှာလည်း (၈၄၄) သုတ်ဟာ ဇေတဝန်ကျောင်းတိုက်မှာ ဟောကြားခဲ့တာဖြစ်တယ်။ ပုဗ္ဗာရုံကျောင်းတိုက်မှာ ဟောကြားခဲ့တဲ့ သုတ်ပေါင်းဟာ (၂၃) သုတ်နဲ့ မြို့ အနီးပတ်ဝန်းကျင်မှာ ဟောကြားခဲ့တာ (၄) သုတ်ဖြစ်တယ် လို့ ဆိုပါတယ်။ နိကာယ် လေးရပ်နဲ့ တွက်ရင်တော့ ဒီဃနိကာယ် မှာ (၆) သုတ်၊ မဇ္စျိမနိကာယ်မှာ (၇၅) သုတ်၊ သံယုတ္တနိကာယ်မှာ (၇၃၆) သုတ်နဲ့ အဂုင်္တ္တရနိကာယ် မှာ (၅၄) သုတ်ရှိတယ် လို့ ဆိုတယ်။
မြို့အမည်တွင်ပုံနဲ့ ပတ်သက်ပြီး သာဝတ္ထ အမည်ရှိတဲ့ ရသေ့ နေထိုင်ခဲ့ရာ နေရာမှာ မြို့တည်ခဲ့တဲ့ အတွက်ကြောင့် ‘‘သာဝတ္ထိ’’ လို့ ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း ဖွင့်ဆိုထားသလို သာဝတ္ထိ ဘုရင်တည်တဲ့ မြို့ဖြစ်လို့ ဘုရင်အမည်ကို အစွဲပြု ခေါ်ခြင်း ဖြစ်ကြောင်းလည်း ဖွင့်ဆိုပြကြတာ တွေ့ကြရတယ်။ အဋ္ဌကထာဆရာတွေကတော့ အသုံးဆောင်ပစ္စည်း လိုအပ်ချက်မရှိ ပြည့်စုံ တဲ့ မြို့ ဖြစ်လို့ ‘‘သဗ္ဗမေတ္ထ အတ္ထီတိ သာဝတ္ထိ’’ ဥစ္စာဘဏ္ဍာ မျိုးစုံ ပြည့်စုံ လို့ သာဝတ္ထိ မည်ကြောင်း ဖွင့်ဆိုပြထားတယ်။
သာဝတ္ထိမြို့ ရဲ့ နေရာကို ရှေးခေတ်က ရှိခဲ့တဲ့ မြို့တွေနဲ့ နှိုင်းယှဉ်ပြီး ဖော်ပြထားတာကိုလည်း ကျမ်းဂန်များမှာ တွေ့ကြရတယ်။ သာဝတ္ထိမြို့ ဟာ သာကေတမြို့ကနေ (၆) ယူဇနာ သို့မဟုတ် (၇) ယူဇနာ၊ ရာဇဂြိုဟ်မြို့ရဲ့ အနောက်မြောက် (၄၅) ယူဇနာ၊ သ င်္က ဿ ကနေ ယူဇနာ (၃ဝ)၊ တက္ကသိုလ်ပြည် ကနေ (၁၄၇) ယူဇနာ၊ သုပ္ပါရက ကနေ ယူဇနာ (၁၂ဝ) အသီးသီး ကွာဝေးပြီး အစိရဝတီ မြစ်ကမ်းမှာ တည်ရှိကြောင်း ဖော်ပြထားတယ်။ ဒါ့အပြင် အာဠဝီ ပြည်ကနေ ယူဇနာ (၃ဝ)၊ မစ္ဆိကာသန္ဒ ကနေ ယူဇနာ (၃ဝ)နဲ့ ကုက္ကုရဝတီ နဲ့ ဥဂ္ဂပုရ ကနေ ယူဇနာပေါင်း (၁၂ဝ) အသီးသီး ကွာဝေးကြောင်းလည်း ဖော်ပြထားပါတယ်။ ရာဇဂြိုဟ် ကနေ သာဝတ္ထိ ခရီးကတော့ ဝေသာလီမြို့ကို ဖြတ်သန်းသွားပြီး မြို့နှစ်မြို့ကြားခရီးတစ်ထောက်ရပ်နားရာနေရာတွေကတော့ သေတဗျ၊ ကပိလဝတ္ထု၊ ကုသိနာရုံ၊ ပါဝါ နဲ့ ဘောဂနဂရ အစရှိတဲ့ မြို့ရွာတွေဖြစ်တယ် လို့ ဆိုတယ်။
အဋ္ဌကထာကျမ်းပြု ဆရာတော် ရှင်မဟာဗုဒ္ဓ ဃောသရဲ့ ဖွင့်ဆိုချက်များ အရ ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါကာလက သာဝတ္ထိမြို့မှာ မိသားစုပေါင်း ၅၇ဝဝ၀၀ဝ (၅ သန်း ၇ သိန်း) ရှိပြီး လူဦးရေ သန်း ၁၈ဝ သို့မဟုတ် ၁၈ ကုဋေ ရှိကြောင်း သိရှိကြရတယ်။ အကျယ်အဝန်း အားဖြင့် ယူဇနာ ၃ဝဝ ရှိတယ်။ ပြီးတော့ အနီးအနား ရွာပေါင်းကတော့ ၈ဝဝဝဝ (ရှစ်သောင်း) ရှိတယ် လို့ ဆိုပါတယ်။ သို့သော်လည်း ဓမ္မပဒ
အဋ္ဌကထာကတော့ သာဝတ္ထိမြို့ မှာ လူဦးရေ သန်း ၇ဝ ရှိကြောင်း ပြဆိုထားပြီး အဲဒီ သန်း (၇ဝ) အနက် သန်း (၅ဝ) ဟာ အရိယာများဖြစ်ကြောင်း ကျန်ရှိတဲ့ သန်း (၂ဝ) ကတော့ ပုထုဇဉ်များဖြစ်ကြောင်းလည်း ထပ်မံရှင်းလင်းထားပါတယ်။
ဘီစီ ၂၄၉ ခုနှစ်၊ ဘုရားဖူး ခရီးစဉ် အတွင်းမှာ အသောကမင်းကြီးဟာ သာဝတ္ထိမြို့တော်က ဇေတဝန်ကျောင်းတော်နေရာကို ရောက်ရှိခဲ့ပြီး ကျောင်းတိုက်ကြီးရဲ့ အရှေ့ဘက် မုခ်ဦး တစ်ဖက်တစ်ချက်စီမှာ ပေ (၇ဝ) ရှိတဲ့ ကျောက်စာတိုင်ကြီးတစ်တိုင် စီ စိုက်ထူစေခဲ့ပါတယ်။ ဒါ့အပြင် ဗုဒ္ဓမြတ်စွာရဲ့ ဓါတ်တော်တွေကို ဌာပနာပြု ပြီး စေတီတော်တွေကိုလည်း သာဝတ္ထိမှာ တည်ထား ခဲ့တယ်။ အေဒီ (၁-၂) ရာစုနှစ်အတွင်း ကနိသျှက ဘုရင်တွေလက်ထက်မှာတော့ ဇေတဝန်ကျောင်းတိုက်ကြီး အတွင်းမှာ ကျောင်းဆောင်သစ်တွေ လှူဒါန်းဆောက်လုပ်ခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော်တွေ ထားရှိပူဇော်ခဲ့တယ် လို့ဆိုတယ်။ အဲဒီ ခေတ်ကာလ မှာ ဒီ ဗုဒ္ဓရုပ်ပွားတော်တွေဟာ ဂုဏ်သတင်း အင်မတန် ကြီးမားခဲ့တယ် လို့လည်း ဆိုပါတယ်။
အေဒီ ၄ဝ၅ ခုနှစ်မှာ တရုတ်ဘုန်း တော်ကြီး ဖာဟီယန် ဟာ ဇေတဝန်ကျောင်းတိုက်ကြီးကို ဘုရားဖူးရောက်ရှိသွားခဲ့ပါတယ်။ ဘုန်းတော်ကြီး ရောက်ရှိခဲ့ချိန်မှာ ဗုဒ္ဓသာသနာဟာ သာဝတ္ထိမှာ ယုတ်လျော့ကျဆင်းနေပြီလို့ ဆိုပေမဲ့ ဇေတဝန်ကျောင်းတိုက်ကြီးမှာတော့ သံဃာတော်တွေ ဆက်လက် သီတင်းသုံးဆဲ ဖြစ်ကြောင်း မှတ်တမ်းတင်ထားခဲ့တယ်။ ဘုန်းတော်ကြီး ဖာဟီယန်ဟာ သူ့ ရဲ့ မှတ်တမ်းထဲမှာ အသောကမင်းကြီးရဲ့ ကျောက်စာတိုင်ကြီးတွေကို တွေ့ရှိခဲ့ကြောင်းနဲ့ အဂုင်္လိမာလ မထေရ်မြတ်ရဲ့ ဓါတ်တော်စေတီတော်နဲ့ သုဒတ္တ စေတီတော် နှစ်ဆူ ယိုယွင်းပျက်စီးနေတာကို တွေ့ရှိခဲ့ကြောင်းလည်း ရေးသားထားခဲ့တယ်။
အေဒီ ၆၃၇ ခုနှစ်မှာ နောက်ထပ် တရုတ်ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ ရွှင်စန် ဟာလည်း သာဝတ္ထိမြို့ကြီးကို ရောက်ရှိခဲ့ပြီး မှတ် တမ်းရေးသားထားခဲ့ပြန်တယ်။ အဲဒီဘုန်းတော်ကြီးရဲ့ မှတ်တမ်းအရ သူရောက်ရှိချိန်မှာ သာဝတ္ထိမြို့ကြီးရဲ့ ပင်မမြို့နေရာဟာ ပျက်စီးတိမ်ကောသွားခဲ့ပြီ လို့ ဆိုတယ်။ သံဃာရာမ ကျောင်းတိုက်တွေ ရာဂဏန်း ထိ ရှိနေဆဲ ဖြစ်ပေမဲ့ အဲဒီကျောင်းတိုက် အများစုဟာ လည်း ယိုယွင်းပျက်စီးနေကြပြီလို့ ဆိုတယ်။ ဗုဒ္ဓဘာသာဝင် အရေအတွက်ဟာလည်း အနည်းငယ်သာ ကျန်ရှိတော့ ပြီး ဇေတဝန် ကျောင်းတိုက်ကြီးကတော့ သီတင်းသုံးသူ သံဃာတော်တစ်ပါးမှ မရှိတော့ဘဲ ပျက်စီးခဲ့ပြီ လို့ ဆိုတယ်။
-ဆက်ရန်-
ဘိက္ခု ကေသရ
ဖတ်ညွှန်း
=====
၁။ Dictionary of Pali Proper Names by G.P Malalasekera
၂။ Buddhist Pilgrimage by Chan Khoon San
၃။ မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္စျိမဒေသ
၄။ မဟာဗုဒ္ဓဝင် (တ)
၅။ ဓမ္မပဒ အဋ္ဌကထာ မြန်မာပြန်
၆။ ဗုဒ္ဓနိုင်ငံတော် (ပ)
၇။ အဋ္ဌကထာ နိ ဿ ယ များ
08/09/2022
08/09/2022
Keep Mind Pure;
Be Good To Others.
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay
