Written by Junelaborn

Written by Junelaborn

Share

Write about general knowledge what I have learnt.

15/03/2024

ပထမဆုံး Self-talk ဆိုတာဘာလဲ?
Self-talk ဆိုတာ မိမိကိုယ် စကားပြောတဲ့နေရာမှာ စိတ်ထဲဖြစ်စေ၊ အသံထွက်ပြီး ကိုယ်တစ်ယောက်တည်းပြောသည်ဖြစ်စေ လုပ်လို့ရပါတယ်။ ဥပမာ - အပြင်ထွက်ခါနီး နေပူလို့ “ထီးယူသွားရမယ်” ဆိုပြီးတွေးလိုက်တာ၊ ထမင်းစားနေရင်း “အော် ငါအိမ်စာမပြီးသေးဘူးဘဲ” ဆိုပြီး တွေးမိတာလေးတွေက self-talk ပဲဖြစ်ပါတယ်။နောက်တစ်ခုက စိတ်ထဲကပြောတာမဟုတ်ဘဲ အသံထွက်ပြီး ကိုယ့်တစ်ယောက်တည်း ပြောနေတာမျိုးလည်းပါပါတယ်။

Self-talk လုပ်ခြင်းက မိမိရဲ့ တစ်နေ့တာ ဘယ်လိုတွေးနေလဲ၊ ဘာတွေခံစားနေရတာလည်းဆိုတာအပေါ်မှာ အကျိုးသက်ရောက်မှု အများကြီးရှိပါတယ်။ ဥပမာ “ငါဒီနေ့ မနက်စာမစားလိုက်ရလို့ အလုပ်မှာ အဆင်ပြေမှာမဟုတ်ဘူး”ဆိုပြီး စတွေးလိုက်တဲ့သူက တစ်နေ့လုံး ကြုံတွေ့နေတဲ့အရာတိုင်းကို မကောင်းတဲ့အတွေးကနေစပြီး တွေးလာပါလိမ့်မယ်။ အဲဒီကနေတစ်ဆင့် သူတွေးထားသလိုမျိုး အဆင်မပြေတဲ့နေ့ ဖြစ်လာတာပါ။

Self-talk မှာ positive self-talk နှင့် negative self-talk ဆိုပြီးနှစ်မျိုးရှိပါတယ်။ ဒီနေ့အဓိကပြောချင်တာကတော့ negative self-talk အကြောင်းပါ။ Negative self-talk မှာ ကိုယ်တိုင်တောင်မှ မသိလိုက်ဘဲနဲ့ “ကိုယ်ကိုယ်ကို အပြစ်တင်ခြင်း (self-critic)” လုပ်ခြင်းတွေက ပိုများပါတယ်။
“ I could not do this better” “ငါဆိုရင် ဒီဟာကိုပိုကောင်းအောင် လုပ်နိုင်တော့မှာမဟုတ်ဘူး” “ငါဆိုရင် လုပ်နိုင်လောက်မှာ မဟုတ်ဘူး”
“I have tried everything, but nothing works” “ငါအကုန်လုံးလုပ်ကြည့်ပြီးပြီ၊ ဒါပေမဲ့တစ်ခုမှဖြစ်မလာဘူး” ဆိုတာတွေက ကျွန်ုပ်တို့ နေ့စဉ်ပြောလေ့ရှိတဲ့ self-talk တွေပါ။ ကျရှုံးမှုတွေ၊ မိမိကိုယ်ကိုနှိုင်းယှဉ်မှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေနှင့် ချစ်ခင်ရသူတွေဆီက အပြစ်တင်ဝေဖန်မှုတွေက ဒီ negative self-talk ကြီးရဲ့ မြစ်ဖျားတွေဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကိုယ်တန်ဖိုးထားတဲ့အရတွေ၊ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေ၊ ကိုယ်ရဲ့ကျွမ်းကျင်မှုတွေကို ပြန်ပြီးမေးခွန်းထုတ်လာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်မှာရှိတဲ့ အရာအားလုံးက အပြစ်ပြောစရာဖြစ်လာပါတယ်။

ဒါပေမဲ့ အဲဒီ self-talk တွေက တကယ်ရောဖြစ်နေတာလားဆိုရင် အများစုက “exaggeration- ပုံကြီးချဲ့ခြင်း” ဖြစ်နေတာပါ။ မဖြစ်သေးတဲ့အရာတွေကို တွေးပြီးကြောက်နေတာ၊ ကိုယ့်ရဲ့အားနည်းချက်ကို အပြစ်ရှာပြီး အတွေးလွန်နေတာတွေဖြစ်နိုင်ပါတယ်။ ဒါဆိုရင် Negative self-talk ကို ဘယ်လို အတတ်နိုင်ဆုံး ဘယ်လိုရပ်ကြမလဲ။🤔🤔

၁။ မိမိရဲ့စိတ်ထဲ မသိမသာပြောလိုက်မိတဲ့အတွေးတွေကို သတိပြုဖို့ ကြိုးစားကြည့်ပါ။
-- စိတ်မကျေနပ်စရာ၊ စိတ်ဆင်းရဲစရာတစ်ခုကြုံရင် မသိမသာလေးနဲ့ စိတ်ထဲကပြောနေမဲ့အစား ဒီအခြေအနေဆိုရင် ငါ့ကိုယ်ငါအပြစ်တင်နေတာနဲ့စာရင် ဘယ်လိုမျိုးတွေးလို့ရလဲ။ ငါ့အားနည်းချက်ကြောင့်ဆိုရင် ဘယ်လိုကြိုးစားကြည့်ရမလဲ။ ကိုယ့်ကိုယ်ကိုမေးခွန်းတွေးမေးပြီး အတွေးပြောင်းကြည့်ပါ။

၂။ တကယ်ရောဟုတ်ရဲ့လား။
-- တစ်ခါတလေကိုယ်က ပေါင်သင်းဆက်ဆံရေးကောင်းနေပါလျှက်နှင့် ကိုယ်ထက်ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူနှင့်တွေ့တဲ့အခါမှာ ငါတော်တော်ညံ့ပါလားလို့ တွေးမိတတ်ပါတယ်။ အဲဒါကြောင့် ကိုယ်တွေးမိတဲ့အတွေးက ပုံကြီးချဲ့မိနေတာလား၊ မဖြစ်သေးတာကိုစိုးရိမ်လွန်နေတာလား ဆိုတာကို သေချာဆန်းစစ်ကြည့်ပါ။

၃။ အတွေးတွေကို ချရေးကြည့်ပါ။
--လူတွေက inner talk အဓိကအားဖြင့် negative inner talk တွေများလာတဲ့အခါ နေ့စဉ်ဘဝလုပ်ဆောင်ချက်တွေ၊ ကိုယ်ရဲ့တန်ဖိုးထားမှုတွေကို ထိခိုက်လာပါတယ်။ များနေတဲ့အတွေးတွေက ဘာတွေဆိုတာကို သေချာမသိတဲ့အပြင် အဓိပ္ပာယ်ဖော်လို့ကလည်း ရမနေပြန်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့အတွေးအားလုံးကို ချရေးကြည့်ပါ။ ချမရေးချင်ဘူးဆိုရင် စကားလုံးတွေနဲ့ဖန်တီးပြီး ပြောကြည့်ပါ။ အတွေးတွေကိုစီစဉ်ပြီး ဘယ်ဟာက ကိုယ့်ကို
အနှောင့်အယှက်ပေးနေတာလဲဆိုတာ အဖြေရှာကြည့်ပါ။

၄။ ပိုပြီး အထောက်အကူပြုတဲ့အတွေး ( positive talk)တွေနှင့် အစားထိုးကြည့်ပါ။
-- မိမိရဲ့အတွေးတွေကို “ငါဒီမှာအားနည်းနေတယ်ဆိုရင် ဘယ်လိုပိုကောင်းအောင်လုပ်လို့ရလဲ၊ ငါသူ့လိုဖြစ်အောင်ဘယ်လိုတွေကြိုးစားလို့ရလဲ” ဆိုပြီး ဖြေရှင်းချက် ( solution) တွေထုတ်ပါ။
ကိုယ်လုပ်ဆောင်ပြီးခဲ့တဲ့ လုပ်ငန်း (accomplishment) တွေ၊ ကိုယ့်ရဲ့ အားသားချက် (strength) ကို အမြဲတမ်း အသိအမှတ်ပြုပါ။

၅။ positive energy ပေးနိုင်တဲ့ လူတွေကြားနေထိုင်ပါ။
-- မိမိရဲ့ အားသာချက်ကို ဂုဏ်ပြုပေးပြီး အားနည်းချက်တွေကို အပြုသဘောဆောင်တဲ့ ဝေဖန်ချက်ပေးတဲ့သူတွေပေါ့။ မိမိပတ်ဝန်းကျင်မှာ positive people တွေရှိခြင်းက မိမိရဲ့စိတ်အခြေအနေ၊ ခံစားချက်တွေနှင့် အတွေးအခေါ်တွေကို အများကြီး သက်ရောက်မှုရှိစေပါတယ်။

ဆိုတော့ မိမိခံစားနေရတာတွေက မိမိအတွေးတွေကနေ အများဆုံးလာကြတဲ့အတွက် အတွေးတွေကို သေသေချာချာပြန်ဆန်းစစ်ပြီး အဖြေရှာကြည့်ပါ။ positive self-talk တွေကို များများတွေးပေးပါ။ ကိုယ်ခန္ဓာကျန်းမာဖို့အတွက် ထမင်းပုံမှန်စားပေးသလို စိတ်ကျန်းမာဖို့အတွက် မိမိကိုယ်ကိုအပြစ်တင်တဲ့အတွေးတွေကို ရှောင်ကြပါနော်။💚🤗

16/12/2023

🍅 Pomodoro Time Management Method ⏰

ကိုယ်က အလုပ်လုပ်ရမှာ၊ စာလုပ်ရမှာကို အချိန်ဆွဲနေတဲ့သူလား၊ လုပ်စရာများလို့ ခေါင်းကိုက်ပြီး မထူးပါဘူးဆိုပြီး Facebook, Ig, Neflix ကြည့်နေတတ်တဲ့သူလား၊ အနှောက်အယှက်သေးသေးလေးတွေကြောင့် တစ်နေကုန်ဘာမှမလုပ်ဘဲ ကုန်သွားတဲ့သူလား။

ဒီလိုမျိုး အချိန်စီမံခန့်ခွဲတဲ့နေရာမှာ အားနည်းတဲ့ သူတွေဆိုရင် Pomodoro Method လေးကို try ကြည့်ပါ။

Pomodoro ဆိုတာက အီတလီလို ခရမ်းချဉ်သီးလို့ အဓိပ္ပာယ်ရပါတယ်။ Francesco Cirillo က မီးဖိုချောင်သုံး ခရမ်းချဉ်သီးနာရီကနေ အချိန်မှတ်ပြီး သူ့အတွက် အသုံးဝင်သွားတဲ့ နည်းလမ်းလေးကို Pomodora Method လို့ပေးထားတာဖြစ်ပါတယ်။

Pomodoro method က 25-5 ruleလေးဖြစ်ပါတယ်။
25 mins အတွင်းမှာ ကိုယ်လုပ်စရာရှိတဲ့ task တွေကို အာ့ရုံစိုက်ပြီးလုပ်မယ်။ ပြီးရင် 5 mins ကို အနားပေးမယ်။ မိနစ် 30 ပြီးရင် Pomodoro တစ်ခုပြီးပြီဘဲဖြစ်ပါတယ်။

25 mins task + 5 mins break = 1 pomodoro🕰

Pomodora လေးခု လုပ်ပြီးရင် long break (15 mins or 30mins) တစ်ခါယူလို့ရပါတယ်။ (တချို့နေရာတွေမှာတော့ ကိုယ်ရဲ့ အာရုံစိုက်နိုင်စွမ်းပေါ်မူတည်ပြီးတော့ 50-10 ဆိုပြီး လုပ်ကြပါသေးတယ်)

တကယ်လို့ ကိုယ်လုပ်ရမဲ့ task တစ်ခုက ကြီးလွန်းနေတယ်ဆိုရင် taskလေးတွေခွဲပြီး taskတစ်ခုကို Pomodoro တစ်ချိန်တွင်းမှာပြီးအောင်လုပ်လို့ရပါတယ်။

မှတ်ချက်။ ။ 25 mins အချိန်အတွင်းမှာ Notification ဝင်စစ်တာတွေမလုပ်တာအကောင်းဆုံးပါ။ တစ်မိနစ်ကနေ နှစ်မိနစ်၊ နှစ်မိနစ်ကနေ မိနစ်ပေါင်းများစွားကြာသွားနိုင်ပါတယ်။ ဖြစ်နိုင်ရင် (Do not disturb) mood on ထားပါ။

ဒီ channel လေးတွေရဲ့ Video တွေမှာ Pomodoro ကို Piano၊ Rain Sound၊ Calm music တွေနှင့် တွဲထားတော့ Timer လိုပုံစံမျိုးထားပြီးလိုက်လုပ်လို့ရပါတယ်။
(ကျွန်မအနေနဲ့က Piano song နားထောင်ပြီး စာလုပ်ရတာပိုကြိုက်လို့ ဖုန်းနှင့် alarm ပေးတာထက် vd တွေဖွင့်ပြီး လေ့လာတာပိုများပါတယ်။ တကယ့်ကို focused time လေးဖြစ်ပါတယ်။ )

Elleene - www.youtube.com/

Xena Vlogs - www.youtube.com/

Yulma - www.youtube.com/.forest

The Sherry Formula - www.youtube.com/

Jasmine - www.youtube.com/

ကဲ 2023 ရဲ့နောက်ဆုံးလလေးကို Pomodoro method လေးသုံးပြီး လုပ်စရာရှိတဲ့စာတွေ၊ အလုပ်တွေကို အပြတ်ဖြတ်လိုက်ရအောင်။ 💪🍅⏰

28/06/2023

🍀 Empathy in Writing 🍀

Copywriting ရဲ့ အဓိကအချက်ကဘာလဲ၊ ဘာကအရေးကြီးဆုံးလဲ လို့မေးလာခဲ့လို့ရှိရင် ကိုယ်ချင်းစာစိတ် (Empathy) လို့ပြောရပါလိမ့်မယ်။

ဘာကြောင့်လဲ။❔❓

ဆိုတော့ ကိုယ့်ကုန်ပစ္စည်းကို ကြော်ငြာတော့မယ်ဆိုရင် အရင်ဆုံး research တွေလုပ်ဖို့လိုတယ်။
Research လုပ်မယ်ဆိုရင်လည်း ရှု့ထောင့်အမျိုးမျိုးကနေ လုပ်ဖို့လိုတာပေါ့၊ အဲရှု့ထောင့်တွေထဲမှာ စားသုံးသူ ဝယ်ယူသူတွေရဲ့ ခံစားချက် လိုအပ်ချက်ကိုလည်း research လုပ်ဖို့လိုပါတယ်။

ဘယ်လိုလုပ်ရမှာလဲ။❓❔

အဓိက ကတော့ ကိုယ်ချင်းစာစိတ်လေးထားဖို့ပါပဲ။ ဝယ်သူတွေရဲ့ ကြုံတွေ့နေရတဲ့အခက်အခဲကဘာလဲ၊ ဥပမာ - ရာသီဥတုကအရမ်းပူနေတယ်၊ လျှပ်စစ်ပန်ကာလေးလိုချင်တယ်၊ အသုံးမခံမှာလည်းကြောက်တယ် စသည်ဖြင့်ပေါ့။ ဒါဆိုရင် ကိုယ်ဆိုရင်ကော ဘယ်လိုကြော်ြငာထားတဲ့ ကုန်ပစ္စည်းကိုဝယ်မှာလဲ။

“ လျှပ်စစ်ပန်ကာ၊ ငါးနာရီအားခံ၊ ဈေး ၈၀၀၀” လို့ရေးထားတာကို ဝယ်မှာလား၊🤷‍♀️

“ အခုဆိုရင် ရာသီဥတုက သိသိသာသာပူလာပြီနော်၊ အဲဒါဆိုရင် သယ်ရတာလည်းလွယ်ကူတဲ့ လျှပ်စစ်ပန်ကာလေးတစ်လုံးလောက်ရှိထားသင့်တယ်နော်၊ ဒီပန်ကာက သယ်ရတာလည်းလွယ်ကူပြီး ဒီဇိုင်းလှလှလေးတွေရှိတယ်၊ အားသွင်းထားရင် ငါးနာရီအထိခံတယ်။ ပြီးရင်အားကုန်ပြီး သုံးလို့မရမှာလည်းစိတ်မပူပါနဲ့၊ power bank လေးနဲ့ပါတွဲသုံးလို့ရပါတယ်။ ကဲ ဒါဆို အပူဒဏ်ကို ကြိတ်မှိတ်ခံမနေဘဲ အသုံးပြုရ သယ်ရလွယ်တဲ့ လျှပ်စစ်ပန်ကာလှလှလေးတွေကို အခုပဲလာဝယ်လိုက်တော့နော်။ " လို့ ကိုယ့်ရဲ့လိုအပ်ချက်နှင့် ကိုက်ညီတဲ့ အချက်တွေပါ ရေးထားတဲ့ဟာကို ဝယ်မှာလား။🤷‍♀️

ရှင်းရှင်းလေးပါ၊

ကိုယ်က စားသုံးသူရဲ့ ခံစားချက် စားသုံးသူရဲ့ လိုအပ်ချက်ကိုသိမှ ကိုယ့်ကုန်ပစ္စည်းကို ဘယ်လိုနည်းနှင့် အကောင်းဆုံး ကြော်ငြာရမှာလဲသိမယ်။ ထိရောက်တဲ့ Copywriting တစ်ပုဒ်ရေးနိုင်ဖို့ နီးစပ်သွားမယ်ပေါ့။ ဆိုတော့ ဝယ်သူတွေရဲ့ နေရာမှာ ဝင်တွေး၊ ဝင်ခံစား၊ ကိုယ်ချင်းစာစိတ် (Empathy) လေးထားပြီး ကိုယ့်ရဲ့ ကုန်ပစ္စည်းကို ထိထိရောက်ရောက် ကြော်ငြာကြတာပေါ့ရှင့်။ 🔆✨

26/06/2023

Copy Writing ဆိုတာ ဘာလဲ။📝

(Copy = မိတ္တူ ၊ Writing = ရေးသည် ၊ Copy writing = ကူးရေးသည်) လို့ဆိုလိုတာလား?
မဟုတ်ပါဘူး။🙅

ကဲ အဲတာဆိုရင် Copywriting ကဘာလဲဆိုတာ ရှင်းမပြခင် Content Writing ဆိုတာဘာလဲ အနည်းအကျဉ်း အရင်လေ့လာကြည့်ရအောင်။
Content Writing ဆိုတာ အကြောင်းအရာနှင့်
ပရိတ်သတ်ကြား ချိတ်ဆက်မှုဖြစ်အောင် ရေးသားခြင်းလို့ မှတ်ယူလို့ရပါတယ်။ Content Writing ထဲမှာ အမျိုးအစားများစွာ ပါတယ်၊ ဥပမာပြောရမယ်ဆိုရင် ဈေးရောင်းတဲ့ content ၊ ဗဟုသုတမျှဝေတဲ့ content ၊ သတင်းအချက်အလက်ပေးတဲ့ content စသည်ဖြင့်ပေါ့။

Copywriting ဆိုတာကလည်း content writing ရဲ့အောက်မှာရှိ အမျိုးအစားတစ်ခုပါ။ ဒီနေရာမှာ လူတော်တော်များမျာက ကျွန်မအရှေ့မှာ ဖော်ပြခဲ့သလိုမျိုး copywriting ဆိုတာ တခြားသူရေးသားထားတာကို ကူးယူဖော်ပြတာလို့ အဓိပ္ပာယ်မှားကောက်နေကြတာဖြစ်ပါတယ်။

အမှန်တကယ် copywriting ဆိုတာ အကြောင်းအရာနှင့် ပရိတ်သတ်ကြား ချိတ်ဆက်မှုမှာ Salesmanship ဆိုတဲ့ အရောင်းသမားစိတ်ဓာတ် ပါဝင်လာတဲ့ content (အကြောင်းအရာ) လို့မှတ်ယူလို့ရပါတယ်။ တိုတိုနှင့် လိုရင်းပြောရမယ်ဆိုရင်တော့ ကြော်ငြာစာရေးသားခြင်းပေါ့ရှင်။ ဒါပေမဲ့ ကိုယ်ရောင်းမဲ့ ကုန်ပစ္စည်းအကြောင်းကိုဘဲ အမွှန်းတင်ပြီး ရေးသားရင်လည်း copywriting လို့မဆိုလိုနိုင်ပါဘူး။

Copywriting တစ်ပုဒ်ဖြစ်ဖို့ဆိုရင် ဝယ်သူတွေကြုံတွေ့နေရတဲ့ပြဿနာ၊ ဝယ်သူရဲ့မျှော်လင့်ချက်၊ အချိန်အခါအလိုက် ဗဟုသုတလေးတွေကို ကိုယ့်ကုန်ပစ္စည်းနှင့် ချိတ်ဆက်ပြီး ဝယ်သူတွေကို
ဆွဲဆောင်ရေးသားခြင်းတို့ ပါဝင်မှာဖြစ်ပါတယ်။ အဲလိုမှသာ ဝယ်သူတွေက လိုအပ်ချက်နှင့် ပစ္စည်းလုပ်ဆောင်နိုင်စွမ်းကို ချိတ်ဆက်မိနိုင်မှာဖြစ်ပါတယ်။ ဝယ်ယူသူတွေ မဖတ်ဘဲ မကြည့်ဘဲ ကျော်သွားတဲ့ ပျင်းစရာ content မျိုး မဖြစ်တော့ဘူးပေါ့ရှင်။ 🙋‍♂️✨

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay