Khine's Diary
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khine's Diary, Yangon.
25/04/2026
Hello ....
မင်မင်လည်း အလုပ်တွေရှုပ်နေလို့ ပို့စ်လေးတွေ မတင်ဖြစ်တာကြာတော့ မေ့သွားပြီလားရှင်...
ဒီနေ့တော့ မင်မင်တို့ မြို့ထဲပတ်ပြီး Food Cycling လေး လုပ်ဖြစ်ခဲ့ပါတယ်။
ပထမ target ကတော့ စဥ့်အိုးတန်းလမ်းက လုံးစိန်ကဖီးမှာ ဝက်နံရိုးပေါင်းနဲ့ မန်ထိုဆွဲမယ်ဆိုပြီး သွားကြတာပါ။ စားရကံမကြုံတော့ ဆိုင်က ဒီနေ့ပိတ်။
ဒါနဲ့ ၁၈ လမ်းက အော်ပွန်ထမင်းပေါင်းကို စားမယ်ဆိုပြီးသွားတော့ ဆိုင်တွေက ခင်းကျင်းနေတုန်းမို့ လသာလမ်းက လားရှိုးပေါက်စီဆိုင်မှာ အဆာပြေ ပေါက်စီစားကြ။
ခဏနေတော့ အော်ပွန်ထမင်းပေါင်းဆီပြန်သွား။ Blog တွေထဲပါတဲ့ဆိုင်က အခုထိ ခင်းကျင်းမပြီးသေးတော့ လမ်းထဲက "မျောက်သုံးကောင်" ဆိုတဲ့ဆိုင်မှာပဲ ထိုင်ဖြစ်ကြတယ်။ အော်ပွန်ဆိုတာ ဝက်သား သို့မဟုတ် အူစုံနဲ့တွဲစားရတဲ့ ထမင်းပေါင်းပါ။ အချဥ်ရည်ဗူးနဲ့ ဟင်းချိုလေးပါ ချပေးတယ်။
ပထမဆုံး စားဖူးပေမယ့် အူလေးတွေကသန့်ပြီး ထမင်းပေါင်းက ပဲငံပြာရည်အရသာလေးနဲ့ စားကောင်းပါတယ်။ စားရင်းနဲ့ အချဥ်ရည်ထက်စာရင် ကြက်သွန်ချဥ်လေးနဲ့ တွဲစားရရင် ပိုကောင်းမယ် တွေးမိတယ်။
ဒါနဲ့ အဆာပိတ်အတွက် အာရှတော်ဝင်နားက အောင်ဆုပြည့်လက်ဖက်ရည်ဆိုင်မှာ Tea လေး ဝင်ဆွဲကြ။ စကားစမြည်ပြောပြီးတော့ အိမ်ပြန်လမ်းကို ရှေ့ဆက်ခဲ့ကြတယ်။
မင်မင်ဘီးလေးက နောက်က နည်းနည်းယမ်းနေလို့ စက်ဘီးပြင်ဆရာဆီသွား၊ ပြင်ရင်းဆင်ရင်းနဲ့ စောင့်ရင်းနဲ့ ဗိုက်ကပြန်ဆာသွားတော့ ပါရမီလမ်းမပေါ်က ရွှေလျှံဖြိုး မော်လမြိုင်ထမင်းပေါင်းဆိုင်မှာ ဝင်ဆွဲကြပြန်ရော။ အဲ့ဆိုင်ကတော့ စားနေကျမို့ ထူးထူးထွေထွေ မပြောတော့ပါဘူး "အရမ်းအရမ်းကောင်းပါတယ်" လို့။
ထမင်းစားပြီး မျက်နှာချင်းဆိုင်ကဝယ်လာတဲ့ ဇီးသံပုရာရည်လေးသောက်၊ ဗိုက်လေးကော့လန်ပြီး အိမ်ပြန်ခဲ့ကြပါတယ်။
သြော် ... ပြောဖို့ တခုကျန်သေးတယ်။
အိမ်ပြန်လမ်းမှာ လှိုင် အေးရိပ်မွန် ၃ လမ်းထိပ်က "Hong Kong ပေါက်စီ" ဆိုင်က ပေါက်စီကြော် ပါဆယ်ဆွဲလာသေးတယ် 😁 ဗိုက်ဆာရင် စားဖို့။
ကယ်လိုရီကျတာက နည်းနည်း၊ စားတာများများပါ အမျိုးတို့ရေ။ 😅
See ya ....
13/02/2026
Hello ...
ဒီနေ့တော့ တောင်ဒဂုံမှာရှိတဲ့ အရမ်းစားကောင်းတဲ့ တိုရှည်နဲ့ပူရီဆိုင်လေးကို နင်းဖြစ်ပါတယ်။
အိမ်ကနေ ၅း၃၀ ကျော်လောက်ထွက်ဖြစ်ကြတယ်။ ပါရမီလမ်းတလျှောက်ကနေ တောင်ဥက္ကလာကိုဖြတ် မြောက်ဒဂုံဘက်ကနေတဆင့် တောင်ဒဂုံဘက်ကူးပြီး ၂၄ ရပ်ကွက်မှာရှိတဲ့ နံ့သာမြိုင်လမ်းထဲက "နံနက်ခင်း" ဆိုတဲ့ တိုရှည်နဲ့ပူရီဆိုင်လေးကို သွားဖြစ်ကြပါတယ်။
ဆိုင်ဖွင့်ချိန်က မနက် ၆း၀၀ ကနေ ၁၁း၀၀ အထိပါ။
ကျမတို့ရောက်တဲ့အချိန်က ၆း၂၀ လောက်ပဲရှိသေးတော့ အရှေ့မှာပါဆယ်လာမှာတဲ့သူတယောက်ပဲတွေ့သေး။
ဒါနဲ့ ဆိုင်းဘုတ်လေးကိုဖတ်၊ ကြက်ဥတိုရှည်နဲ့အာလူးပူရီလေး မှာဖြစ်တယ်။ ဂျုံကိုလတ်လတ်ဆတ်ဆတ်နယ်ပြီး လုပ်ပေးနေတော့ အချိန်လေးတခုတော့ စောင့်ရတာပေါ့။ စောင့်နေရင်း ဆိုင်ပတ်ပတ်လည်ကို လျှောက်ကြည့်ပြီး a little စပ်စုပေါ့။
လက်ဆေးစရာနေရာလေးလည်း ထားပေးထားတာဆိုတော့ လက်ဆေးပြီး မုန့်ရရင် အားရပါးရဆွဲဖို့ပြင်ဆင်။
ခဏနေတော့ မှာထားတာလေးတွေ ရောက်လာပါပြီ။ အရသာကောင်းသလို သန့်ရှင်းလတ်ဆတ်မှုလည်းရှိတော့ ကျမ အရမ်းသဘောကျ 😊။
မိဘအိမ်လည်း ခြေဆန့်ဦးမှာဆိုတော့ မိသားစုတွေအတွက် ကောင်းနိုးရာရာလေးတွေဝယ်မယ်ဆိုပြီး အမယ်စုံ စားစေချင်လို့ တမျိုးစီဝယ်ဖြစ်တယ်။ Cheese တိုရှည် ပါဆယ်မှာတော့ ကြာရင် Cheese တွေက မာသွားလို့ စားမကောင်းဘူးလို့ပြောလို့ တစ်ပွဲမှာပြီး ဆိုင်မှာတင် စားပစ်လိုက်တယ် (အစားအသောက်ကိုအကြွေးထားလို့ မကောင်းဘူးလေ 😁)
ဒီအတိုင်းပါဆယ်ထုပ်ပေးလို့ရပေမယ့် သေသေချာချာလေး အကြံပြုပြီး စေတနာထားပြောပြတာလည်း သဘောကျမိတယ်။
စျေးနှုန်းအရလည်း သင့်လျော်၊ သန့်ရှင်းလတ်ဆတ်မှုလည်းရှိတာမို့ တိုရှည် ပူရီ ချာပါတီ ကြိုက်တတ်တယ်ဆို သွားစားသင့်တဲ့ဆိုင်လေးပါလို့။ (fully recommended!)
သြော် .... အစုံစားမယ်ဆို ၁၀ နာရီမတိုင်ခင်သွားနော်။ ၁၀ နာရီလောက်ဆို အမယ်မစုံတော့လို့ပါတဲ့။
See ya!
's Diary
တောင်ဒဂုံက "နံနက်ခင်း" တိုရှည်နှင့်ပူရီ ဆိုင်လေး
13/02/2026
Hello ....
ခရီးသွားထားခဲ့တဲ့ အမှတ်တရလေးတွေ ဒီပိတ်ရက်ရှည်လေးမှာ တင်မယ်ဆိုပြီးလုပ်ထားတာ ဖုန်းက လမ်းလျှောက်ရင်း ခါးပိုက်နှိုက်ခံလိုက်တော့ ရှိသမျှဒေတာလေးတွေ အကုန်ပါသွားလေရော...
အဲဒီ့တော့ နောက်ဆို မအားလည်း အချိန်မဆွဲဘဲ တင်တော့မှာမို့ Stay Tuned!!
's Diary
29/10/2025
Hello ...
ညီမလေးတယောက်က ဒီမနက်မေးတယ်
"အစ်မ ဘားအံကပြန်ရောက်ပြီလားတဲ့"
ကိုယ်လည်း ဇဝေဇဝါနဲ့
"ရောက်ပြီလေ"
ဆိုပြီး ပြောပြီးမှ သူနောက်တာ သဘောပေါက်သွားတော့ အားရပါးရရယ်မိတယ်။ 😅
ကဲ ... ဒီနေ့တော့ ဘားအံကနေ ရန်ကုန်ပြန်ပါမယ်နော် 😁
ညက အထုပ်တွေမသိမ်းနိုင်ဘဲ အိပ်ပျော်သွားတော့ မနက်စောစော Alarm ပေးထားပြီး သိမ်းထုပ်စရာလေးတွေ သိမ်းကြတယ်။ ပစ္စည်းတွေနည်းတော့ သိမ်းရတာ သက်သာပေမယ့် မကျန်ရအောင် ဂရုစိုက်ထည့်ရတယ်။
အထုပ်တွေဆွဲပြီး Inn အောက်ကိုရောက်တော့ ၆ ခွဲကျော်ပြီ။ ကားက ၇ နာရီမှ ဘားအံကားကြီးကွင်းကထွက်လာမှာဆိုတော့ မနက်စာ စားဖို့ အချိန်ကောင်းကောင်းရတယ်။ ကျန်တဲ့ ကိုယ်တွေရဲ့ဘော်ဒါတွေကတော့ ဘားအံကနေ မော်လမြိုင်ကိုသွားပြီး၊ နောက်တရက်ကျမှ ရထားနဲ့ပြန်ကြမှာ။ ကိုယ်တွေက ၃ ရက်နေ့ကလည်း ခွင့်ယူထားပြီဖြစ်တဲ့အပြင် အလုပ်တွေကလည်း စောင့်မျှော်နေပြီမို့ ပြန်ရပြီ (ရထားစီးချင်တဲ့ကျမဆန္ဒ ဒီတခေါက်မပြည့်။)
ကိုယ့်ဘော်ဒါတွေကို နှုတ်ဆက်ပြီး ကျမတို့နှစ်ယောက် Inn ကနေထွက်ပြီး ကားကိုစောင့်ရမယ့်နေရာ အနီးအနားမှာ မနက်စာစားဖို့ ဆိုင်လေးလိုက်ရှာကြတယ်။ သိပ်မရှာလိုက်ရဘူး၊ အနီးအနားမှာ လက်ဖက်ရည်ဆိုင်လေး တဆိုင်တွေ့တယ်။ ပုံမှန်လက်ဖက်ရည်ဆိုင်လေးပါပဲ။ ဒါပေမယ့် အရသာတော့ကောင်းသဗျာ။ ဒါနဲ့ မြန်မြန်ဆန်ဆန် စားသောက်ပြီး ၇း၁၀ မိနစ်လောက်မှာပဲ ကျမတို့ကားစောင့်ရမယ့်နေရာ Ready သွားစောင့်နေကြတယ်။ ခန့်မှန်းဆိုက်ရောက်ချိန် မနက် ၇း၁၅ ဆိုပေမယ့် ၇း၃၀ ကျော်လောက်မှ ကားရောက်လာတယ်။ အထုပ်လေးတွေအပေါ်တင် စက်ဘီးတွေ ကားဝမ်းဗိုက်ထဲ ထည့်ပေါ့။
ကျမတို့ ရန်ကုန်က ဘားအံကို မထွက်ခင်တည်းက Online ကနေ booking တင် လက်မှတ်ဖြတ်ပေမယ့် နာမည်ကြီးလိုင်းတွေအကုန် လက်မှတ်မရှိတော့လို့ ကျမတို့တခါမှမစီးဘူးတဲ့ ရွှေအိုးဆိုတဲ့ 2+1 VIP ကားကို လက်မှတ်ဖြတ်တာ ကျမတို့က တယောက်ခုံပဲရတော့မယ်။ ခက်တာက ဖြတ်ထားတဲ့နံပါတ်က ရှေ့/နောက် အက္ခရာဆိုပေမယ့် ကျမတို့တက်တဲ့အချိန် တခုံပဲလွတ်ပြီး ကျန်တဲ့ခုံက လူတွေအပြည့်။ ခုံအပေါ်မှာ နံပါတ်တွေပျက်နေပေမယ့် အစဥ်လိုက်ရေရင် ရှင်းရှင်းလေး။ လက်မှတ်ပြပြီး ကိုစပယ်ယာကိုမေးတော့ အနောက်ဘက်မှာ နှစ်ယောက်ခုံကိုပေးထိုင်တယ်။ နှစ်ယောက်ခုံရတော့ ထွေထွေထူးထူး ဆက်မပြောတော့ဘဲ အေးဆေးထိုင်လိုက်လာတယ်။ Wifi လည်းရသလို ထိုင်ခုံဧရိယာကလည်း ကျယ်ကျယ်ဝန်းဝန်းပါပဲ။ ထပ်ပြီး စိတ်အနှောက်အယှက်နည်းနည်းဖြစ်စရာလေးရှိခဲ့ပေမယ့် နောက်ဆုံးအဆင်ပြေသွားပါတယ်။
ဒီလိုနဲ့ စီးလာလိုက်တာ ဘီးလင်းလည်း ရောက်ရော "ဘုန်း"ဆိုပြီးအသံကြီးကြားတော့ သိလိုက်ပြီ ဘီးပေါက်ပြီဆိုတာ။ ဒါနဲ့ အောက်ဆင်းကြည့်ကြတော့ နောက်ဘီးတခုလုံး ရှုံ့တွ။ ကံကောင်းချင်တော့ ပေါက်တဲ့နေရာ တစ်ဘက်ခြမ်းက စားသောက်ဆိုင်။ ဒါနဲ့ ကားပေါ်ကလူတွေမကုန် ထမင်းစားကြ၊ အပေါ့အပါးသွားကြရင်း စောင့်ကြတာပေါ့။ အချိန်က ၁၀ နာရီကျော်ကျော်။
ပြင်ဆင်ပြီးတော့ ရှေ့ဆက်ခရီးနှင်ကြပြီး ကျိုက်ထိုကြတော့ ထမင်းစားဖို့ ဘဲလေး စားသောက်ဆိုင်မှာ ခရီးတထောက်နားကြတယ်။ အလကားပေးနေသလိုပါပဲ အလုအယက် မှာယူနေကြရတယ်။ မုဒိတာပွားရပါတယ်။ခုံမလောက်လို့ ကြောင်ပျောက်နေတဲ့ ကောင်လေးနှစ်ယောက်ကိုလည်း ကိုယ်တွေစားပွဲကို share ပေးရသေးတယ်။
ဒီလိုနဲ့ ရန်ကုန်ရွှေမြို့တော်ကြီးကို ဆက်မောင်းလာလိုက်တာ ကျမတို့ အောင်မင်္ဂလာအဝေးပြေးဝင်းကို ၅ နာရီစွန်းစွန်းလောက်ရောက်။ စက်ဘီးတွေကို ကားဝမ်းဗိုက်ကထုတ်၊ အထုပ်တွေပြန်ချည်ပြီး အဝေးပြေးကနေ အိမ်ကို ခရီးနှင်ကြတယ်။ ကားလမ်းတွေပိတ်ပေမယ့် စက်ဘီးနဲ့ဆိုတော့ ခရီးတွင်ခဲ့တယ်။ အိမ်နားရောက်တော့ ၆ နာရီထိုးတော့မယ်။ ဒါနဲ့ တခါတည်း လက်ဖက်ရည်ဆိုင်မှာ ညနေစာ ဝင်စားပေါ့။
နောက်ဆုံးတော့ ကျမတို့ Home Sweet Home လေးကို အောင်မြင်စွာ ပြန်ရောက်ခဲ့လေပြီ။
ခရီးစဥ်အတွင်း အရမ်းပင်ပန်းခဲ့ရပြီး၊
"ငါ ဘာလို့လိုက်စီးမိလဲ"
ဆိုပြီး နောင်တအကြိမ်ကြိမ်ရခဲ့ပေမယ့် နောက်ဆုံးတော့ ကျမ လုပ်နိုင်ခဲ့ပြီ။
မိုင် ၂၀၀ ကျော်ခရီးကို အမျိုးသမီးတယောက်အနေနဲ့ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး ကျမ ဖြတ်ကျော်နိုင်ခဲ့ပြီ။
ခရီးစဥ်အတွင်း ကျမ Delay ဖြစ်တာ ၂ ကြိမ်တိတိပဲရှိခဲ့တယ်။ Team ရဲ့ plan အတိုင်း ကျမ လုပ်နိုင်ခဲ့တဲ့အတွက် ကျမကိုယ်ကျမ တကယ်ဂုဏ်ယူပါတယ်။ ဒီလို secondhand ၇၀၀ ဘီးနဲ့ ခရီးဝေးနင်းဖို့ဆိုတာ အတော်ကိုပင်ပန်းရပါတယ်။ စက်ဘီးစီးသမားတွေဆို ပိုနားလည်နိုင်ပါလိမ့်မယ်။ အဓိကက စိတ်ဓါတ်ပါပဲ။ ခန္ဓာကိုယ်လည်း အားရှိမှဆိုပေမယ့် စိတ်ဓါတ်အင်အားမရှိရင် ကျမ ဘယ်လိုမှ ဒီခရီးစဥ်ကို မအောင်မြင်ပါဘူး။
ဒီ Memory လေးက ကျမ ပြန်တွေးတိုင်း ပျော်နေရမယ့် အတိတ်လေးဖြစ်နေမှာပါ။ 😊
အခုတော့ အားပြန်ဖြည့်နေတုန်းမို့ နောက်ထပ် ခရီးစဥ်လေးတွေရှိမှပဲ ကျမ အတွေ့အကြုံလေးတွေ ဝေမျှပါဦးမယ်နော်။
အဆုံးအထိဖတ်ပေးတဲ့ တဦးတယောက်ချင်းစီတိုင်း ကျေးဇူးတင်လျက် .... 🥰
See ya!
's Diary
22/10/2025
Hello ...
ဒီနေ့တော့ ဘားအံခရီးစဥ်လေးဆက်ပါဦးမယ်နော်
Day 4 (ချစ်သော ဇွဲကပင်မြေ)
ခရီးစဥ်မှာ အပင်ပန်းဆုံးဖြစ်တဲ့ ပဲခူး-သထုံကို ဖြတ်သန်းပြီးတဲ့နောက် နောက်နေ့ခရီးစဥ်တွေက ဒီလောက် အားမကုန်တော့ဘူး။
Day4 ကျတော့ မနက် ၆ နာရီခွဲလောက်မှ Inn က စထွက်ကြတယ်။ အိပ်ရေးဝဝလင်လင်နဲ့ Energy က အပြည့်ပေါ့။
မနက်စာကို မြို့ထဲက လက်ဖက်ရည်ဆိုင်မှာပဲ ဝင်စားကြတယ်။ ကိုယ်ကတော့ ထုံးစံအတိုင်း ထမင်းဆီဆမ်းနဲ့ ကြက်ဥကြော် 😁။ ဘီးလင်းမှာ ဆုံဖြစ်ကြတဲ့ Bikers တွေနဲ့ပါ အမှတ်မထင် ပြန်တွေ့ကြ။ နှုတ်ဆက်ကြပေါ့။
စားပြီးတော့ ဆက်နင်းကြတော့ မြို့ထဲကအထွကိ တောင်တန်းတွေမြင်တာနဲ့ ကိုယ့်ရဲ့စိတ်တွေက ခုန်နေပြီ။ "လှလိုက်တာ" ဆိုတဲ့စကားကို မရေမတွက်နိုင်အောင် ရေရွတ်ပြီး အော်နေမိတယ်။ ကိုယ်က တောင်တန်းတွေကိုချစ်တဲ့သူကိုး။
နောက်တော့ အရမ်းကိုလှတဲ့ တောင်တက်တောင်ဆင်းလမ်းလေး ရောက်လာတယ်။ အဆင်းလေးကတော့ ပျော်တာပေါ့။ အတက်ကျတော့ မြင်ရတဲ့ဆိုင်းဘုတ်က "ဂီယာကြီးဖြင့်တက်ပါ" တဲ့။ ကြိုးစားပြီး အရှိန်နဲ့တက်ပေမယ့် ဘယ်လိုမှမရတော့လို့ ဆင်းတွန်းရတယ်။ ခရီးစဥ်တလျှောက် များပြားလှတဲ့ကုန်းတွေကို အရှုံးမပေးခဲ့ပေမယ့် ဒီကုန်းကျတော့ ကျရှူံး 😆။
ဒီလိုနဲ့ ဆက်နင်း...။ ကော့ကသောင်ဂူဝင်။ အချိန်က ၈း၃၀။ အနားက ရေကူးကန်ထိ သွားစပ်စုကြ။ ပြီးတော့ ထွဋ်ပတိုင် (စာလုံးပေါင်းမှားရင် ခွင့်လွှတ်ပါ) ဆီ ချီတက်ကြ။ ထွဋ်ပတိုင်ဂူနားမရောက်ခင် လမ်းဘေးမှာပဲဖွင့်ထားတဲ့ အရမ်းကောင်းတဲ့ အကင်ဆိုင်လေးရှိပါတယ်။ အသားလတ်လတ်ဆတ်ဆတ်လေးနဲ့ သူ့ရဲ့ ကောက်ညှင်းပေါင်းလေးက ဘယ်လိုစားလို့ကောင်းမှန်းမသိဘူး။ အခုတော့ အတော်တောင် ဆိုင်လေးချဲ့သွားပြီ။ ဓါတ်ပုံတော့ မရိုက်မိလိုက်ဘူး။ အရင်က ဆိုင်ပုကျိလေးဆိုတော့ ကျော်သွားမှ ဆိုင်ရှင်အကိုကြီး လှမ်းမြင်ပြီး အဲ့ဆိုင်မှန်းသိသွားလို့။ ဒီတခေါက်က မစားဖြစ်ခဲ့ဘူး။
ကဲ .. ထွဋ်ပတိုင် စဝင်ပါပြီ။ အချိန်က ၉း၃၀။ ကိုယ်တွေစောနေတော့ ကားတွေနဲ့ လမ်းက မကြပ်သေးတော့ အေးဆေးနင်းလာကြတယ်။ ထုံးစံအတိုင်း သစ်သားတံတားလေးကလျှောက် လမ်းဆုံး ကန်ဘက် မြေလမ်းကနေ ပတ်ကြတယ်။ အဲ့မှာ ချစ်ဖို့ကောင်းတာက အယုတ်အလတ် အမြတ်မရွေး စတုဒီသာကျွေးတာပါ။ အဲ့နေ့က ကျွေးတာ မုန့်ဟင်းခါး။ အကုန်လုံးက ကောင်းတယ်ဟဆိုပြီး အားရပါးရစားနေတုန်း သူတို့စားဝင်အောင် ကျမကတော့ စားနိုင်သူတွေစားကြပါဆိုပြီး မုဒိတာ မပွားနိုင်တဲ့အသံနဲ့ပြောရတာပေါ့ရှင် 😁 (နောက်တာပါ) ကိုယ်မစားနိုင်လည်း စားနိုင်တဲ့သူတွေ စားလို့ရအောင် အလှူငွေကုသိုလ်တော့ ယူတာပေါ့။ ကျမအမျိုးသားအပါအဝင် ကျန်တဲ့ ၆ ယောက်လုံး ဗိုက်ကားသွားပြီးနောက် ကျမတို့ ဆဒ္ဒါန်ဂူကို ခရီးနှင်ကြပါတယ်။
လမ်းခရီးမှာ တွေ့ရတာတော့ နောင်လုံတောင်ကြားလမ်း။ လှတာမှ စက်စက်ယိုရှင်။ ကျမ ဖုန်းနဲ့ရိုက်ရတာမို့ သူ့အလှကို အမှန်အတိုင်း ပြန်မပြနိုင်ဘူးဖြစ်နေတယ်။ ကျမအမောတွေ အကုန်ပြေတဲ့အထိ လှပါတယ်။ အချိန်က ၁၀း၃၀။
ဆဒ္ဒါန်ဂူသွားတဲ့လမ်းမှာလည်း လယ်ကွင်းစိမ်းစိမ်းတွေရဲ့ နောက်ခံ တောင်တန်းတွေရဲ့အလှက ဆွဲဆောင်ထားလို့ အချိန်ပေး ကြည့်ဖြစ်ကြသေးတယ်။ အချိန်က ၁၁း၀၀။
ဆဒ္ဒါန်ဂူရောက်တော့ ထုံးစံအတိုင်း ဂူကိုပတ်ပြီး လှေစီး။ ကျမမိသားစုနဲ့လာတုန်းကတော့ ရေကျတဲ့အချိန်မို့ ဂူအောက်က ဖြတ်ရပေမယ့် အခုတခေါက်ကတော့ ဂူကိုပတ်နေတော့ စီးရတာ ပိုကြာပါတယ်။ မိုးလေးကဖျောက်ဖျောက်နဲ့ လှေစီးရတာလည်း အရသာတမျိုးပဲ။. အချိန်က နေ့လည် ၁၂း၁၉။
ဆဒ္ဒါန်ဂူကနေပြန်ထွက်ပြီးနောက် ကျမဗိုက်ကတော့ ဂွီနေပြီ။ လမ်းတလျှောက် ဆိုင်မတွေ့သေးတော့ နင်းရင်းနဲ့ Energy က လျော့လာပြီ။ အဲ့အချိန်မှာ စားသောက်ဆိုင်လေးတခု လှမ်းတွေ့။ အဲ့နားမှာ ရှေ့ကနင်းတဲ့သယ်ရင်းတဖွဲ့က စောင့်နေတာမြင်လိုက်တဲ့အချိန် ဝမ်းသာပီတိ ဂွမ်းဆီထိ 🤭 နေ့လည်စာ ဆွဲပါပြီ။ အချိန်က နေ့လည် ၂ နာရီ။
နောက်တော့ ကျမတို့ အဖွဲ့ခွဲကြတယ်။ ဇွဲကပင်တက်မယ့်အဖွဲ့ (၅) ယောက်နဲ့ ကျောက္ကလပ်သွားမယ့် ကျမတို့ (၂) ယောက်။ ကျောက္ကလပ်ရောက်တော့ လူများနေတော့ ဘယ်မှာစက်ဘီးအပ်ရမှန်းမသိတော့ ရွှေရင်အေး အရင်ဝင်သောက်ကြတယ်။ ကျမတို့ငယ်ငယ်ကသောက်တဲ့ ရွှေရင်အေးအရသာလေးရလို့ ပျော်။ နောက်တော့ အဲ့ဆိုင်မှာပဲ ကျမတို့စက်ဘီးတွေအပ်ထားခဲ့ပြီး ကျောကက္ကလပ်ဘက်ဆက်ကြတယ်။ သိမ်ဆင်းရှိတာလားမသိ။ ဦးဇင်းတွေနဲ့ လူတွေနဲ့ရော အများကြီးပြည့်နေ။ လူများတော့ ကျောက္ကလပ်အပေါ်ထိမတက်တော့ဘဲ လှည့်ပြန်ခဲ့တယ်။ ကန်နားမှာ ငါးစာကျွေးထားတဲ့ ပေါင်မုန့်အစတွေကို ငါးကမစားတော့ တော်တော် အကျည်းတန်နေတယ်။
အဲ့ကနေ အေးအေးဆေးဆေးပြန်ထွက်လာတော့ ကျမတို့ Inn ကို စောစောပြန်ရောက်ကြတယ်။ ချွေးတိတ်အောင်စောင့်ပြီး အဝတ်အစားလေးတွေ လျှော်ဖွပ်လှမ်းပေါ့။ ရေမိုးချိုးပြီး ညနေစောင်းတော့ သယ်ရင်းတွေမရောက်သေးတာနဲ့ နှစ်ယောက်တည်း အနီးအနားက စားသောက်ဆိုင်လေးမှာပဲ ညစာစားဖြစ်တယ်။ သူငယ်ချင်းတွေနဲ့ မြည်းဖို့ စားစရာလေးတွေဝယ်၊ ပြန်လာပြီး မနက်ဖြန်ပြန်ဖို့ အထုပ်တွေသိမ်းမယ်ဆိုပြီး အထုပ်တွေလည်း မသိမ်းနိုင်ဘဲ ဗိုက်လေးပြီး ကျမ အိပ်ပျော်သွားတယ်။ မြည်းဖို့လည်း ကျမ မ join လိုက်ရဘူး 😆
သယ်ရင်းတွေက ကျမတို့ထက် နောက်တစ်ရက်ထပ်နေပြီး မော်လမြိုင်ကနေ ရထားနဲ့ ပြန်ကြမှာ။ ကျမတို့ကတော့ ဖွင့်ရက်အမီ ရန်ကုန်ပြန်ရမှာမို့ Express လေးနဲ့ မနက်ပြန်ရပါတော့မယ်။
(ဘားအံ-ရန်ကုန် ခရီးစဥ်လေးနဲ့ ကျမတို့ ဘယ်လိုအားတွေနဲ့ ခရီးစဥ်အောင်မြင်ခဲ့တယ်ဆိုတာ ဆက်ပါဦးမယ်....)
See ya!
's Diary
16/10/2025
Hello ....
ဒီနေ့တော့ သထုံ-ဘားအံ ခရီးလေး ဆက်ပါဦးမယ်နော်
(Touring Day 3)
သထုံကနေ စထွက်မှာ မနက် ၆ နာရီခွဲဆိုတော့ အိပ်ရေးဝတဲ့နေ့လို့ ပြောရမယ်။
အထုပ်တွေဘာတွေသိမ်းဖို့ မနက် ၅ နာရီလောက်က စထရတာပေါ့။ အားလုံး ready ဖြစ်ပြီဆို အဖွဲ့လိုက် အကြောလျှော့ကြတာပေါ့။ ပြီးတော့ မြသပိတ်တောင်ခြေရင်းနားက သုဝဏ္ဏဘူမိ ဆုတောင်းပြည့် နှီးဘုရားကြီးကို ဝင်ဖူးကြတယ်။ မြသပိတ်တောင်တော့ အချိန်လင့်မှာစိုးလို့ မတက်ဖြစ်ကြဘူး။ Target က ဘားအံဆိုတော့လေ။
ပြီးတော့ မနက်စာ စားဖို့ မြို့ထဲက "ဦးကဲ" ဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာ မနက်စာ စားကြတယ်။ အဲ့နားမှာတည်းခိုခန်းတခုရှိတယ်။ မှတ်လာပေမယ့် မေ့သွားပြီ 😆သာမာန် လက်ဖက်ရည်ဆိုင်လေးတဆိုင်ပေမယ့် စေတနာကောင်းကောင်း ဝန်ဆောင်မှုကောင်းတဲ့အပြင် အစားအသောက်လည်း ကောင်းတယ်။
ဗိုက်အပီအပြင်ဖြည့်တင်းပြီး ကျမတို့အဖွဲ့ ရွှေစာရံစေတီတော်ကြီးကို ဝင်ရောက်ဖူးမြော်ကြတယ်။ ရင်ပြင်တော် အတော်ကျယ်ပြီး အလွန်သပ္ပါယ်လှပါတယ်။ အကြိုက်ဆုံးမြင်ကွင်းကတော့ တောင်တန်းတွေမြင်ရတဲ့ ရင်ပြင်တော်ရဲ့ ထောင့်တနေရာပါ။
ဒီ့နောက် ကျမတို့ ဘားအံကို ခရီးဆက်ကြပါတယ်။
လမ်းခရီးမှာ စဝင်ဖြစ်တာက ဘုရင့်ညီဂူ၊ မိုးကာလမို့ ရေတွေကြီးပြီး ရေပူစမ်းကရေတွေပါ လျှံထွက်။ သူငယ်ချင်းတွေအပေါ်တက်နေကြတုန်း ကိုယ်တွေက အောက်မှာ အေးဆေးထိုင်ပြီး ဘေးပတ်ဝန်းကျင်က ရေလျှံနေတဲ့ အလှတရားကို ထိုင်ပြီးခံစား။ လှလိုက်တာဆိုတာလေ။
နောက်တစ်ဂူက ကော့ကွန်းဂူ။ ကော့ကွန်းဂူကို နင်းတဲ့လမ်းတလျှောက်မှာ အပူဆုံးအချိန် မွန်းတည့်ရောက်နေတော့ ကျမ တဖြည်းဖြည်းအားကုန်လာတယ်။ မရတဲ့အဆုံး ရွာထဲက အပင်ရိပ်ရှိတဲ့ အုတ်ခုံလေးအောက်မှာ ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်ရတယ်။ ရေလည်းကုန်ဆိုတော့ အားဖြည့်ဖို့ အချိုရည်နဲ့ ရေသန့် ကျမချစ်သူက အပြေးအလွှားဝယ်ပြီး ရေဓါတ်ဖြည့်ကြတာပေါ့။ အားရပါးရနားပြီး ကော့ကွန်းဂူကို ဆက်လိုက်သွားကြတယ်။ ပြီးတော့ ကော့ကွန်းဂူ ပြန်အထွက် တစပ်တည်းလမ်းခုလတ်လေးမှာရှိတဲ့ ရသေ့ပျံဂူကိုဝင်ကြတယ်။ ရသေ့ပျံဂူအစပ်နားလောက်ပဲ ကျမ ဘုရားဝင်ဖူးပြီး အောက်ပြန်ဆင်းပြီး အားရပါးရ သဘာဝအလှကို ထိုင်ကြည့်ပစ်တယ်။ ဂူအတွင်းထဲမှာ မီးမရှိတော့ ကျမ လိုက်မဝင်သွားတော့ဘဲ အဖွဲ့သားတွေကို ကျမတို့နှစ်ယောက် အောက်မှာအေးဆေးထိုင်စောင့်ကြတယ်။ စက်ဘီးတွေလည်း စောင့်ရင်းပေါ့။
ဂူတွေက ကျမတို့ရောက်ဖူးပြီးသားမို့ ထပ်မတက်တော့တာပါ။
နောက်တော့ ခရီးရှေ့ဆက်ကြရင်း
ဟော ... တွေ့ပါပြီ။
ချစ်ရတဲဲ့ ဇွဲကပင်မြေရဲဲ့ "ဇွဲကပင်မြေမှ ကြိုဆိုပါ၏" ဆိုင်းဘုတ်လေး။ အမောလေးတွေကို ပြေလို့။ အချိန်က နေ့ခင်း ၂ နာရီခွဲကျော်ပြီ။ အမှတ်တရ ဓါတ်ပုံလေးတွေ ရိုက်ကြပေါ့။
နောက်တော့ ဘားအံမြို့ထဲ ခရီးဆက်။ မြို့ထဲရောက်တော့ ရွှေလက်ရာဆိုတဲ့ ဆိုင်လေးမှာ ဖက်ထမင်း ဝင်ဆွဲကြတယ်။ အချိန်က နေ့ခင်း ၃ နာရီကျော်ပြီ။ စားပြီးတော့ ကျမတို့ မြို့ထဲက စောအောင်ဘလမ်းထဲမှာရှိတဲ့ ရှေးရေစက်ဆိုတဲ့ Inn လေးမှာ Checkin ဝင်ကြတယ်။ Inn လေးက အခုမှ အရင် မိုတယ်အဟောင်းကို အသစ်ပြန်ပြင်တုန်းဆိုတော့ TV တွေ မီးလိုင်းတွေ ပြန်သေချာဆင်နေတုန်း။ ဒါပေမယ့် အခန်းတွေက ရှယ်ပြင်ပြီးပြီ။ TV မရှိတာကလွဲရင် အကုန်သန့်ရှင်းသပ်ရပ်။ မီးပျက်ရင်လည်း ဆိုလာနဲ့မို့ အဲကွန်းမဖွင့်ရတာကလွဲရင် Charging ကိစ္စ စိတ်ပူစရာမလို။ အကြိုက်ဆုံးကတော့ အဝတ်လှမ်းဖို့စင်လေး သေချာထားပေးထားတာပဲ။ စက်ဘီးနဲ့ဆိုတော့ အဝတ်တွေကိုချုံ့ပြီး သယ်သွားရတာမို့ ဝတ်ပြီးသားအဝတ်တွေ ပြန်လျှော်ကြ၊ လှမ်းကြပေါ့။
ရေမိုးချိုးပြီးတော့ ညနေကျ ပြန်ထွက်ကြတယ်။ အရင်ဆုံး ဝင်ဖူးမြော်တာကတော့ ရွှေရင်မျှော်။ ရောက်တာ အချိန်နည်းနည်းနောက်ကျသွားခဲ့တော့ နေဝင်တာတော့ မကြည့်လိုက်ရဘူး။
နောက်တော့ နာမည်ကျော် ဘားအံညစျေးတန်းဝင်ပြီး စျေးပတ်ပြီး စားဖို့သောက်ဖို့ ဝင်ဝယ်ကြတယ်။ စည်ချက်ကတော့ ကားတွေရော ဆိုင်ကယ်တွေရော လူတွေရော ကိုယ်တွေစက်ဘီးတွေရော အုန်းအုန်းထ။
နောက်တော့ Inn ကိုပြန်ကြပြီး၊ စားကြသောက်ကြ။အိပ်ချိန်လေးလည်းရောက်ရော မိုးရောလေရော သည်းချက်က ပင်ပန်းနေတဲ့ကိုယ်တွေကို တချိုးတည်းအိပ်ဖို့ အားပေးခဲ့ပြန်ပါရော။
ဘားအံအတွင်း ခရီးစဥ်လေး နောက်နေ့ဆက်ပါဦးမယ်...
See ya!
's Diary
Click here to claim your Sponsored Listing.
Telephone
Website
Address
Yangon
