Boom Products By Phyu Phyu Ko

Boom Products By Phyu Phyu Ko

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Boom Products By Phyu Phyu Ko, Health/Beauty, Thawka Street, North Okkalarpa Township, Yangon.

18/02/2022

#လိပ်ခေါင်းရောဂါက ကင်ဆာဖြစ်တတ်သလား? ကင်ဆာပြောင်းတတ်သလား?
~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီမေးခွန်းက ဆရာဝန်တွေအတွက် ဖြေဖို့ သိပ်မခက်ခဲပါဘူး။ ဒါပေမယ့် လူနာအကုန်နီးပါးက သိချင်ကြတယ်။ ကြာရင် ကင်ဆာပြောင်းသွားမှာလား ဆိုပြီးတော့လဲ ကြောက်တတ်ကြတယ်။ အရပ်ထဲမှာကလဲ မကြာခဏလိုပဲ လိပ်ခေါင်းရောဂါရှိတယ်ဆိုတဲ့ လူနာတွေဟာ အူမကြီးကင်ဆာဖြစ်သွားပြီဆိုပြီး ကြားကြားနေကြတာကိုး။

ဒီမေးခွန်းရဲ့ အဖြေကတော့ ရှင်းရှင်းလေးပါ။ လိပ်ခေါင်းကနေ ကင်ဆာမပြောင်းပါဘူး။

လိပ်ခေါင်းရောဂါကို သေချာမကုဘဲ ကြာရှည်လာရင် နေရထိုင်ရ ပိုခက်လာမယ်။ ဝမ်းသွားရတာသိပ်အဆင်မပြေဘူး။ သွေးထွက်မယ်။ ယားမယ်။ ဝမ်းသွားပြီးတိုင်း လိပ်ခေါင်းက စအိုအပြင်ကို ထွက်ထွက်ကျနေလို့ လက်နဲ့ ပြန်ထိုးထဲ့နေရမယ်။ ဒါတွေကတော့ ပိုပိုဆိုးလာနိုင်ပါတယ်။ ဒါပေမယ့် လိပ်ခေါင်းကနေ ကင်ဆာပြောင်းသွားတယ်ရယ်တော့ မရှိပါဘူး။

ဒါဆို ဘာလို့ ရပ်ကွက်ထဲမှာ၊ လူနာတွေကြားထဲမှာ၊ ဆွေမျိုးမိတ်ဆွေတွေကြားမှာ လိပ်ခေါင်းကနေ ကင်ဆာပြောင်းသွားတယ်ဆိုတာက ဘယ်က ဘယ်လိုဖြစ်ရတာလဲ။ မေးစရာက ရှိလာပြီ။

အဖြေက ရှင်းရှင်းလေးပါ။ အဲ့တာ လိပ်ခေါင်းကနေ ကင်ဆာပြောင်းတာ မဟုတ်ပါဘူး။ အစကတည်းက ကင်ဆာကို လိပ်ခေါင်းဆိုပြီး မှားပြီးကုနေခဲ့တာ တချက်ဖြစ်နိုင်ပါတယ်။

နောက်တမျိုးကတော့ လူနာမှာ လိပ်ခေါင်းရောဂါရှိတာတော့ မှန်ပါရဲ့။ လိပ်ခေါင်းဖြစ်နေတာလဲ ကြာလှပါပြီ။ ဆရာဝန်က နောက်ထပ်အသစ်ဖြစ်လာတဲ့ ကင်ဆာကို သတိမထားမိ၊ သတိမမူမိဘဲ ဒီလူနာ ငါကြည့်လာတာကြာပြီပဲ၊ ငါနဲ့ပြနေကျပဲ၊ သူမှာ နဂိုနှစ်ပေါင်းအတော်ကြာ လိပ်ခေါင်းရောဂါရှိနေတာပဲဆိုပြီး လိပ်ခေါင်းလိုပဲ ဆက်ကုနေလို့ အသစ်ဖြစ်လာတဲ့ ကင်ဆာကို မသိလိုက်တာပါ။

ဒီလိုဘာကြောင့် မှားတတ်ပါသလဲ။

ပထမအချက်က လိပ်ခေါင်းရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ ဝမ်းသွားရင် သွေးထွက်တာ၊ ဝမ်းသွားရတာ အားမရတာ၊ တစ်စို့စို့လိုလိုဖြစ်တာ၊ သွေးအားနည်းတာဆိုတဲ့ ကိစ္စတွေဟာ re**al cancer လို့ခေါ်တဲ့ အူမကြီးကင်ဆာမှာလဲ ဒီအတိုင်းပဲလာတတ်ပါတယ်။ ရောဂါလက္ခဏာတွေ တူပါတယ်။ နောက်ပြီး လိပ်ခေါင်းဆေးတွေကို ဆရာဝန်က ပေးလို့ပဲဖြစ်ဖြစ်၊ ကိုယ့်ဟာကိုယ် ဝယ်သောက်တာပဲဖြစ်ဖြစ် ဒီရောဂါလက္ခဏာတွေက သက်သာသွားတတ်ပါတယ်။ လိပ်ခေါင်းဆေးနဲ့ သက်သာတော့ ငါ့ဟာတော့ လိပ်ခေါင်းဖြစ်မှာပါဆိုပြီး အမှတ်မှားပြီး ရေရှည်မှာ အနာတခြား ဆေးတခြား ဒုက္ခရောက်တာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ဆရာဝန်တွေ အပြစ်လို့ပဲ ပြောရမယ် ခင်ဗျ။ ဘာလဲဆိုတော့ ဆရာဝန် အတော်များများဟာ Digital Re**al Examination လို့ခေါ်တဲ့ စအိုထဲကို လက်နဲ့နှိုက်ပြီးစမ်းသပ်ဖို့ အတော်လက်တွန့်ကြတာကို တွေ့ရတယ်။ လက်နဲ့ မနှိုက်သလို protoscope or anoscope လို့ခေါ်တဲ့ စအိုတွင်းကိုကြည့်တဲ့ ၅ လက်မလောက်ရှိတဲ့ တခါသုံး ကော်မှန်ပြောင်းကလေးနဲ့ စအိုကို စမ်းသပ်ဖို့ကိုလဲ ပျက်ကွက်တတ်ကြတယ်။ တကယ်ကတော့ လက်နဲ့ စအိုကို နှိုက်မစမ်းဘဲ၊ protoscope မှန်ပြောင်းမကြည့်ဘဲ လိပ်ခေါင်းရောဂါလို့ ခေါင်းစဉ်တပ်လို့ကို မရနိုင်ပါဘူး။ ဒါကို ဆရာဝန်တိုင်းလဲ သိကြပါတယ်။ ဒါဟာ အင်မတန် အခြေခံကျတဲ့ စမ်းသပ်မှုတခုပါပဲ။ ဆေးကျောင်းသားဘဝကတည်းကလဲ ဆေးကျောင်းသားတိုင်း စအိုကို ဘယ်လိုစမ်းရတယ်၊ protoscope ဘယ်လိုကြည့်ရတယ်ဆိုတာ သင်ကြားကြရပါတယ်။ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။

ဒီလိုမကြည့်ဘဲ လိပ်ခေါင်းလို့ပြောရင် စာမေးပွဲကျပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ တတိယနှစ်ဆေးကျောင်းသားဘဝက စအိုထဲလက်နှိုက်စမ်းဖို့ ပျက်ကွက်တာ၊ protoscope မှန်ပြောင်းမကြည့်မိတာကြောင့် အစမ်းစာမေးပွဲ ကျခဲ့ဖူးပါတယ်။ တသက်စာ အမှတ်တရပါ။ ကျွန်တော် သင်ခန်းစာရပြီး မှတ်သွားခဲ့ပါတယ်။ ဝက်ဖြစ်မှတော့ မစင်ကြောက်နေလို့ မရဘူးပေါ့ဗျာ။ အဲ့လိုပဲ ဆရာဝန်ဖြစ်မှတော့ စအိုနှိုက်ဖို့ ကြောက်နေလို့ မရတော့ဘူး။

ခွဲစိတ်သင်ရိုးဖတ်စာအုပ်တိုင်းမှာလဲ ဆေးကျောင်းသားတွေကို အမြဲသတိပေးနေတာကတော့ “ လူနာရဲ့ စအိုကို မစမ်းလို့ကတော့ ခံရပြီသာမှတ်” ဆိုပြီး စမ်းသပ်ရာမှာ ပြည့်စုံဖို့ သင်ကြားနေခဲ့ကြပါတယ်။

ဒါပေမယ့် လူနာက မပြချင်တာဘဲဖြစ်ဖြစ်၊ ဆရာဝန်က လူနာကို အားနာလို့ပဲဖြစ်ဖြစ်၊ မစမ်းချင်လို့ပဲ ဖြစ်ဖြစ် မစမ်းမိလို့ကတော့ ဘယ်လိုမှ မပြည့်စုံ မမှန်ကန်နိုင်ပါဘူး။ လက်ဆိုတာကလဲ စမ်းနေကျဖြစ်မှ လက်ညိုးလေးက ခံစားမှုကို သေချာသိပြီး ရောဂါကို သေချာရှာနိုင်မှာပါ။ အဲ့လိုမစမ်းဘဲ ဘာဖြစ်လဲမေး၊ လုံချည်လှန်ကြည့်ရုံလောက်လုပ်ပြီး လိပ်ခေါင်းရောဂါလို့ ခေါင်းစဉ် အတပ်ခံရရင်တော့ ဒါဟာ ပြီးပြည့်စုံတဲ့ စမ်းသပ်မှု မဟုတ်ဘူးဆိုတာကို လူနာက သိရပါမယ်။

ဒီလို စမ်းသပ်ဖို့ ပျက်ကွက်ခဲ့တာကြောင့် တချိန်ကျမှ ကင်ဆာကို မသိလိုက်ခြင်း၊ ကင်ဆာကို လိပ်ခေါင်းလို့ ကုသမှုပေးမိတာ၊ အရင်က လိပ်ခေါင်းဟုတ်သော်ငြား နောက်ထပ်အသစ်ဖြစ်လာတဲ့ ကင်ဆာကိုလွတ်သွားတာတွေ ဖြစ်မှာပါ။ ဒီအချက်ဟာ လူတွေကြားမှာ ခဏခဏ ဖြစ်နေတဲ့ အရင်ကတော့ လိပ်ခေါင်းပဲ၊ အခုကင်ဆာပြောင်းသွားတာဆိုတာရဲ့ အဖြေပါပဲ။ တကယ်က ကင်ဆာက ကင်ဆာ၊ လိပ်ခေါင်းက လိပ်ခေါင်းပါပဲ။ လိပ်ခေါင်းက ကင်ဆာပြောင်းတာတော့ မဟုတ်ပါဘူး။

အခုကျွန်တော်ပြောခဲ့တာတွေက ဘာမှ ရှုပ်ရှုပ်ထွေးထွေးခက်ခက်ခဲခဲမဟုတ်ဘဲ သာမန်ဆေးခန်းလေးတစ်ခုမှာ အင်မတန်နုနယ်တဲ့ ဆရာဝန်ပေါက်စကလေးကတောင် သိနိုင် လုပ်နိုင် စမ်းနိုင် သပ်နိုင်တဲ့ အချက်တွေပါပဲ။

လိပ်ခေါင်းလား၊ ကင်ဆာလား၊ တခြားဘာ အူမကြီးရောဂါလဲ အတိအကျ အကောင်းဆုံး သိချင်ရင်တော့ colonoscopy လို့ခေါ်တဲ့ အစအဆုံး အပြည့်အစုံ အူမကြီးမှန်ပြောင်းကို ကြည့်သင့်ပါတယ်။ အထူးသဖြင့်ကတော့ အသက်၅၀ ကျော်သူတွေနဲ့ မျိုးရိုးမှာ အူမကြီးကင်ဆာ ရှိဖူးသူတွေပါ။ ဒီ colonoscopy ကတော့ ရိုးရိုးဆေးခန်းလေးမှာ လုပ်လို့မရတော့ပါဘူး။ တကယ့်ဆေးရုံကြီးတွေမှာ ကျွမ်းကျင်တဲ့ အထူးကုဆရာဝန်ကြီးတွေ လုပ်ပေးမှ ရတော့မှာပါ။

Colonoscopy မှန်ပြောင်းတောင်ကြည့်ပြီး အဖြေကောင်းပြီ ဆိုရင်တော့ အဖြေမှားဖို့က မရှိသလောက်လို့ ပြောရပါမယ်။

လိပ်ခေါင်းကို စိတ်အေးချမ်းသာစွာ ကိုယ့်ဆရာဝန်နဲ့ကိုယ် တိုင်ပင်ပြီးကုဖို့ပဲ ကျန်ပါတော့တယ်။

ကိုယ့်လိပ်ခေါင်းက ကင်ဆာလဲ ထမပြောင်းတော့ပါဘူး။ ဘာလို့လဲဆို ဒါကတကယ့် လိပ်ခေါင်းစစ်စစ်ဖြစ်ပြီကိုးဗျ။ ခင်ဗျားမှာ တခြားဘာအူမကြီးရောဂါနဲ့မှ မှားစရာမရှိဘူးဆိုတာကို အူမကြီးမှန်ပြောင်း colonoscopy က အာမခံပေးလိုက်ပြီကိုး။

တခါမှ စအိုလဲ အစမ်းမခံဖူးဘူး၊ protoscope မှန်ပြောင်းအတိုလဲ အထဲ့မခံဖူးဘူး၊ colonoscopy မှန်ပြောင်းအရှည်လဲ မကြည့်ဘူးပဲနဲ့ ကျွန်တော့်မှာ လိပ်ခေါင်းရောဂါရှိပါတယ်ဆိုရင်တော့ မဟုတ်သေးဘူးဗျို့။ မိတ်ဆွေကြီးသေချာသတိထားပြီး ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါအုန်းလို့ပဲ တိုက်တွန်းပါရစေ။


#အူမကြီးကင်ဆာ
#လိပ်ခေါင်း
#ပြန်လည်မျှဝေသည်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address


Thawka Street, North Okkalarpa Township
Yangon
11032