ATPM's Health & Beauty

ATPM's Health & Beauty

Share

ကျန်းမာရေး နှင့် အလှအပ အ‌ခြေခံ ဗဟုသုတ များကို သိရှိနိုင်စေရန်။

11/07/2024

👩 ဆံသား ပြဿနာ များကို အဖြေရှာခြင်း 👱‍♀️

၁။ ဆံပင် အဖျားနှစ်ခွ ဖြစ်ခြင်း
ဆံသားတွေကွဲထွက်လာပြီး အဖျားနှစ်ခွ ဖြစ်လာပြီဆိုရင် ဆံသားအဖျားတွေကို တိပေးဖို့ လိုအပ်နေပါပြီ။ဆံပင် အတို ညှပ်လိုက်တာမျိုး မဟုတ်ဘဲ အဖျားနှစ်ခွ ဖြစ်နေတဲ့ အပိုင်းတွေကိုပဲ ညှပ်ပေးဖို့လိုပါတယ်။တစ်လ တစ်ကြိမ်ခန့် ဆံပင်ညှပ်ဆိုင်မှာ ဆံသားတွေကို ပုံမှန် တိပေးခြင်းဖြင့် အဖျားနှစ်ခွ ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၂။ ဆံပင်အရောင်ကျွတ်ခြင်း
ဆံပင်အရောင်ဆိုးထားတယ်ဆိုရင် အရောင်ခံဖို့အတွက် ဆံသားကို နေရောင်ခြည်ကနေတိုက်ရိုက်ထိတွေ့မှုကို ရှောင်ရပါမယ်။ဆံပင်အရောင်ဆိုးထားတဲ့သူတွေ အနေနဲ့ အပြင်ထွက်တဲ့အခါ ဦးထုပ် ၊ ထီး တို့ကို မဖြစ်မနေ အသုံးပြုသင့်ပါတယ်။ကလိုရင်း ခပ်ထားတဲ့ ရေကူးကန်မှာ ရေကူးတဲ့အခါ ခေါင်းစွပ်စွပ်ထားသင့်ပါတယ်။ခေါင်းလျှော်ရည် အနေနဲ့ ဆံသားအရောင်ကို ကြာရှည်စွာ ထိန်းပေးတဲ့ shampoo နဲ့သာ လျှော်သင့်ပါတယ်။အလှပြင်ဆိုင်တွေမှာ ဆံပင်အရောင်ထိန်းပေးတဲ့ treatment တွေနဲ့ ဆံပင်အရောင်အလွယ်တကူ မကျွတ်သွားအောင် ထိန်းသိမ်းနိုင်ပါတယ်။
၃။ နှင်းပွင့်တွေလို ဗောက်ထခြင်း
ဗောက်အမှုန်လေးတွေက နှင်းကျသလိုလို တဖွဲဖွဲ ကျနေတာက ဦးရေပြားမှာ အညစ်အကြေးတွေစုပုံလာပြီ ဆိုတာ သတိပေးနေပါပြီ။gel တွေ wax တွေ spray တွေ သုံးတာကို ခဏနားပြီး ဦးရေပြားကို ပြန်လည် သန့်ရှင်းပေးရပါတော့မယ်။ဗောက်ပျောက်ခေါင်းလျှော်ရည် အပျော့နဲ့ နှစ်ရက် တစ်ကြိမ် ခေါင်းလျှော်ပေးပါ။မိုးဖွဲကျနေတဲ့ ရက်မျိုးမှာ ထီးမပါဘဲ အပြင်မထွက်ပါနဲ့။မိုးနဲနဲပဲ မိပါစေ ချက်ချင်း ခေါင်းပြန်လျှော်ပေးပါ။အဆီဓာတ် မများတဲ့ hair coat ကို ဆံသားပေါ်မှာ ဖွဖွ လူးပေးပါ။ဗောက်မှုန်ကင်းစင်တဲ့ ဆံကေသာကို ပြန်လည် ရရှိပါမယ်။
၎။ ဆံသားခြောက်သွေ့လွန်းခြင်း
နေရောင်ခြည် တွေ၊ chemical တွေ၊ အပူတွေက ဆံသား ခြောက်သွေ့မှုကို ဖြစ်စေပါတယ်။ပုံမှန်အားဖြင့် ဆံပင် အပေါ်ယံက ဖယောင်းလွှာ cuticle ရဲ့ အောက်မှာ အဆီတွေက ဆံသားကို တောက်ပနေအောင် ထိန်းထားပေးပါတယ်။အပူတွေနဲ့ ထိတွေ့တဲ့အခါ cuticle လွှာက ကွဲထွက်သွားပြီး အဆီတွေ ခန်းခြောက်ကုန်တော့ ဆံသားက မွဲပြီးခြောက်သွေ့လာရပါတယ်။ဆံသားခြောက်သွေ့နေပြီဆိုရင် ကောက်တာ ဖြောင့်တာ အားလုံးကို ယာယီ ရပ်ဆိုင်းထားရပါမယ်။ဆံပင်ကို နေ့စဉ် လျှော်တာ ကို ရပ်ရပါမယ်။ခေါင်းလျှော်ပြီးရင် dryer နဲ့ အခြောက်မခံဘဲ ချည်သားစစ်စစ် တစ်ဘက်နဲ့ ဖွဖွလေးသုတ်ပြီး သဘာဝ လေနဲ့သာ အခြောက်ခံပါ။sulphate ပါတဲ့ shampoo တွေကို လုံးဝ မသုံးစွဲပါနဲ့။
၅။ ဆံပင်ပြားကပ်ပြီး ပုံသွင်းရခက်နေခြင်း
ချွေးထွက်များခြင်း နဲ့ ဦးရေပြား အဆီပြန်ခြင်းက ဆံသားကို ပြားကပ်စေပြီး ပုံသွင်းရ ခက်စေပါတယ်။ရေများများသောက်ခြင်းက ဦရေပြား ပြဿနာ ကို ဖြေရှင်းပေးနိုင်ပါတယ်။နှစ်ရက် တစ်ခါ ခေါင်းလျှော်ပေးပါ။ ဆံသားအုံကို ပွယောင်းစေတဲ့ volumizing product တွေ နဲ့ လေမှုတ်ပုံသွင်း ပြီး လှပအောင် ပြုလုပ်ပေးနိုင်ပါတယ်။

07/07/2024

ဆေးလိပ် အလွန်အကျွံသောက်သူများ နှင့် အဆုတ်ရောဂါ Emphysema ☠
✍ ဆေးလိပ် အလွန်အကျွံသောက်သုံးသူတွေဟာ ရေရှည်မှာ အဆုတ်အတွင်းမှာ ရှိတဲ့ လေအိတ်တွေ အစုလိုက်ပျက်စီးလာပါတယ်။အဆုတ်ရဲ့ လေအိတ်တွေဟာ ရေမြုပ်တွေလို ကျုံ့ဆန့်နိုင်ပြီး အောက်စီဂျင် တွေကို သွေးထဲပို့ဆောင်ပေးပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် တွေကို အပြင်ကို ပြန်ထုတ်ပေးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးပါတယ်။
✍ ပျက်စီးသွားတဲ့ လေအိတ်တွေဟာ အဆုတ်ထဲမှာ အခေါင်းပေါက်တွေဖြစ်လာပြီး လေရှူသွင်း ရှူထုတ်တာနဲ့ ဓာတ်ငွေ့ လဲလှယ်ခြင်း လုပ်ငန်းတွေမှာ အခက်အခဲ ဖြစ်လာပါတယ်။နောက်ဆက်တွဲ အနေနဲ့ အသက်ရှူကြပ်ခြင်း ၊ ချောင်းဆိုးခြင်းတို့အပြင် သွေးထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် အဆိပ်သင့်တာမျိုးတွေ ဖြစ်လာပါတယ်။
✍ သင်ဟာ ဆေးလိပ် အလွန်အကျွံ သောက်သုံးနေသူ တစ်ယောက်ဖြစ်ရင် ချောင်းအလွန်ဆိုးလာတာ၊ အသက်ရှူရခက်လာတာတွေ ဖြစ်ရင် မပေါ့ဆသင့်ဘဲ ဆရာဝန်ထံ ဆောလျင်စွာ ပြသသင့်ပါတယ်။အဆုတ်ဓာတ်မှန် ရိုက်ခြင်း၊ lung function test တွေ စစ်ဆေးပြီး Emphysema ရောဂါ ဟုတ် မဟုတ် စစ်ဆေးပေးနိုင်ပါတယ်။
✍ အကယ်၍ Emphysema ဖြစ်တာ သေချာသွားပြီဆိုရင်တော့ အရင်ဆုံး လုပ်ရမှာက ဆေးလိပ်ဖြတ်ဖို့ပါပဲ။ပျက်စီးသွားတဲ့ လေအိတ်တွေက ပြန်မကောင်းလာနိုင်တော့ပေမဲ့ အဆုတ်တစ်ခုလုံး မပျက်စီးသွားအောင် ကာကွယ်နိုင်ပါတယ်။ဆရာဝန်က သင့်လျော်တဲ့ ဆေးဝါးကုသမှုတွေနဲ့ အသက်ကောင်းကောင်း ရှူနိုင်လာအောင် ကုသပေးနိုင်ပါတယ်။
✍ ဆေးလိပ်သောက်တဲ့သူတွေရဲ့ အသက်ရှူလမ်းကြောင်းတွေဟာ ခြောက်သွေ့နေတတ်လို့ ဘက်တီးရီးယား ပိုးတွေ ကူးစက်နိုင်ချေလည်း များပါတယ်။Emphysema သမားတွေမှာ အဆုတ်ပိုးကူးစက်မှုတွေဖြစ်ရင် ပိုပြင်းထန်တာကြောင့် ရာသီအကူးအပြောင်းကာလ တွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေ မကူးစက်အောင် ဂရုစိုက်ပေးရပါမယ်။လေထုညစ်ညမ်းတဲ့ နေရာ တွေရှောင်ကြဉ်သင့်ပါတယ်။
ဆေးလိပ်သောက်ခြင်းဟာ Emphysema ရောဂါအပြင် ကင်ဆာ အမျိုးမျိုးကို ဖြစ်စေလို့ ဆေးလိပ်ကို အစလုပ်ပြီး မသောက်မိဖို့ အရေးကြီးပါတယ်။လတ်တလော ခေတ်စားနေတဲ့ v**e တွေကိုလည်း မသုံးစွဲသင့်ပါဘူး။

Photos from ATPM's Health & Beauty's post 06/07/2024
05/07/2024

နဂါးမောက်သီး စားသုံးခြင်း ၏ အကျိုးအာနိသင်များ 📝

✍ နဂါးမောက်သီးကို နေ့စဉ် ပုံမှန်စားသုံးပေးလျင် နှလုံးသွေးကြောကျဉ်းရောဂါ ကို ကာကွယ်ပေးနိုင်ပါတယ်။မကောင်းတဲ့ ကိုလက်စထရော ပမာဏ ကို ကျစေလို့ သွေးတိုးရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

✍ နဂါးမောက်သီးမှာ ပါဝင်တဲ့ အစွမ်းထက် Lycopine တွေက ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ တို့လို ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

✍ နဂါးမောက်သီးမှာ အချိုဓာတ်ပမာဏ နည်းပြီး အမျှင်ဓာတ်များစွာ ပါဝင်လို့ ဆီးချိုသွေးချို သမားတွေအတွက် သွေးတွင်းသကြားဓာတ်ပမာဏ မတက်စေတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။

✍ ဗီတာမင် B ဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ အာရုံကြော အားကောင်းစေပါတယ်။ကယ်ရိုတင်းဓာတ်တွေက မျက်စိ မမှုံအောင် ကာကွယ်ပေးနိုင်ပါတယ်။ဗီတာမင် C ဓာတ်က ကိုယ်ခံအားကောင်းမွန်စေပါတယ်။ကယ်စီယမ် နဲ့ ဖောစ်ဖားရပ်စ် တို့က အရိုးပါးခြင်းကို ကာကွယ်ပေးပါတယ်။Lycopine ကြောင့် အသားအရေ ကို ဝင်းပစိုပြေစေပြီး ဆံသားကို ကောင်းမွန်စေပါတယ်။

နဂါးမောက်သီးကို အဆာပြေစားတာပဲ ဖြစ်ဖြစ်၊ ဖျော်ရည်ဖျော်သောက်၍ ဖြစ်စေ နေ့စဉ် စားသုံးပေးသင့်ပါတယ်။

04/07/2024

😟 သွားကျဉ်ခြင်း ကင်းဝေးအောင် ဆောင်ရွက်ရမယ့် အချက်များ 📝😫😖😬🤧

👉 စနစ်တကျ သွားတိုက်ခြင်း
လူတိုင်းက နေ့စဉ် သွားတိုက်ကြပါတယ်။ဒါပေမဲ့ စနစ်တကျ သွားတိုက်တာမျိုး မဟုတ်ရင် ရေရှည်မှာ သွားကျဉ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ပျော့ပြောင်းမှု မရှိတဲ့ သွားပွတ်တံ အမွေးတွေနဲ့ သွားရဲ့ မျက်နှာပြင်ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုးက သွားရဲ့ ကြွေလွှာတွေကို ပျက်စီးစေပါတယ်။ကန့်လန့်ဖြတ် သွားတိုက်နည်း စနစ်က သွားနဲ့ သွားဖုံးထိစပ်တဲ့နေရာက ကြွေလွှာတွေကို ပွန်းပြီး ချိုင့်သွားစေနိုင်ပါတယ်။ဒေါင်လိုက် အပေါ်အောက် သွားတိုက်ပေးခြင်းက သွားကြိုသွားကြားမှာ ကပ်ညှိနေတဲ့ စားကြွင်းစားကျန် တွေကို ဖယ်ရှားပေးနိုင်ပြီး သွားပိုးစားခြင်း ကို ကာကွယ်နိုင်ပါတယ်။သွားပွတ်တံကို ရွေးချယ်တဲ့အခါ soft ဖြစ်တဲ့ သွားပွတ်တံမျိုးကို ရွေးချယ်ပါ။fluoride ပါတဲ့ သွားတိုက်ဆေးက သွားကြွေလွှာကို ခိုင်မာစေလို့ သွားကျဉ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

👉 အက်ဆစ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို လျော့စားပါ
အချိုရည်တွေ၊ အချဉ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို အလွန်အကျွံ စားသုံးရင် သွားကြွေလွှာတွေ ချိုင့်လာတတ်ပြီး သွားကျဉ်လာနိုင်ပါတယ်။အက်ဆစ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားပြီးပြီးချင်း သွားမတိုက်ပါနဲ့။ရေများများနဲ့ သာ ပလုတ်ကျင်းပေးပါ။

👉 ခြောက်လတစ်ခါ သွားကျောက်ခြစ်ပေးပါ
သွားနဲ့ သွားဖုံးရင်းတွေမှာ ကျောက်တွေတည်လာပြီဆိုရင် ရေရှည်မှာ သွားဖုံးတွေနိမ့်ဆင်းလာပြီး သွားအရင်းတွေ ပေါ်လာတတ်ပါတယ်။ရေအေးသောက်တဲ့အခါ အရမ်းကျဉ်လာနိုင်ပါတယ်။ကျောက်တွေကြောင့် သွားဖုံးပျက်စီးလာတာမျိုး မဖြစ်အောင် ခြောက်လတစ်ခါ သွားကျောက်တွေကို သွားဆေးခန်းမှာ သွားရောက် ရှင်းလင်းသင့်ပါတယ်။

👉 night guard တပ်ဆင်ပါ
ညဘက် အိပ်နေရင်း အံကြိတ်လေ့ရှိသူတွေဟာ ရေရှည်မှာ သွားကျဉ်တဲ့ ဝေဒနာကို ခံစားရနိုင်လို့ ပေါ့ပေါ့ဆဆ မနေဘဲ ညဘက် အိပ်တဲ့အချိန်မှာ night guard ကိရိယာ ကို တပ်ဆင်ထားသင့်ပါတယ်။ကိုယ်ပိုင်အံပုံစံနဲ့ night guard တွေကို သွားဆရာဝန်တွေဆီမှာ ပြုလုပ်လို့ရပါတယ်။

👉 သွားပိုးပေါက်တွေကို စောစောဖာထေးပါ
သွားပိုးပေါက် သေးသေးလေးတွေကို မဖာထေးဘဲ လျစ်လျူရှုမိရင် တစ်ချိန်မှာ သွားပိုးပေါက်နက်လာပြီး အစာစားတိုင်း သွားကျဉ်နိုင်လို့ သွားပိုးပေါက်တွေရှိနေရင် စောစောစီးစီး ဖာထေးသင့်ပါတယ်။သွားပိုးပေါက် မဟုတ်တဲ့ သွားပဲ့နေတာတွေ ၊ သွားချိုင့် နေတာတွေကိုလည်း ပြန်လည်ဖာထေး ပြုပြင်သင့်ပါတယ်။

👉 ထိခိုက်ဒဏ်ရာ ရထားဖူးတဲ့ သွားတွေကို စနစ်တကျ ကုသပါ
အမာတွေဝါးမိလို့ ဖြစ်စေ ၊ မတော်တဆ ထိခိုက်ဒဏ်ရာ ရသွားလို့ ဖြစ်စေ သွားကြွေလွှာ အက်သွားရင် ဆိုးရွားတဲ့ သွားကျဉ်ဝေဒနာကို ခံစားရနိုင်လို့ သေချာ ကုသသင့်ပါတယ်။သွားအကြောထုတ် ကုသခြင်း နဲ့ သွားအစွပ်စွပ်ခြင်း လိုနည်းလမ်းတွေနဲ့ သွားမကျဉ်အောင် ကုသလို့ရပါတယ်။
သွားကျဉ်တဲ့ ဝေဒနာက နေ့စဉ် စားသောက်နေတဲ့ အချိန်တိုင်း စိတ်အနှောက်အယှက် ဖြစ်တတ်လို့ ဒီအချက်တွေကို လိုက်နာရမယ့် အပြင် ချိုလွန်း ချဉ်လွန်းသော အစားအစာ ၊ ပူလွန်း အေးလွန်းသော အစားအစာ တွေကို အလွန်အကျွံ စားသုံးခြင်းမရှိအောင် ဂရုပြုသင့်ပါတယ်။

03/07/2024

😴 ကျန်းမာရေးကို အထောက်အကူ ပြုတဲ့ အိပ်ခန်း ဖြစ်စေမယ့် အချက် ၆ ချက် 🤔
၁။ လေဝင်လေထွက် ကောင်းတဲ့ အိပ်ခန်းမျိုး ဖန်တီးပါ
အိပ်ခန်း တစ်ခုအတွက် အခန်းရွေးချယ်တော့မယ်ဆိုရင် ခေါင်းရင်းဘက်မှာ ပြတင်းပေါက်ပါတာမျိုး ၊ အိပ်ခန်းဘေးဘက်မှာ လေသာဆောင် ပြတင်းပေါက် ရှိနေတာမျိုး က လေဝင်လေထွက်ကောင်းစေပြီး ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။အိပ်ခန်းအတွင်း လေဝင်လေထွက်မရှိတဲ့ အလုံပိတ်အခန်းတွေဆိုရင် နံရံ မှိုစွဲတာမျိုးတွေ ဖြစ်နိုင်သလို ပူပြင်းတဲ့ရာသီတွေမှာ အပူအောင်းနေတာမျိုး ဖြစ်နိုင်တဲ့အတွက် လေဝင်လေထွက်ကောင်းတဲ့ အိပ်ခန်းမျိုးကသာလျင် ကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။

၂။ သမမျှတတဲ့ အိပ်ခန်း အပူချိန်ကို ထိန်းညှိပါ
အိပ်စက်ခြင်းကို အထောက်အကူ ပြုဖို့အတွက် အခန်းအပူချိန် ကို ကောင်းကောင်းထိန်းညှိထားဖို့လည်း အရေးကြီးပါတယ်။အပူချိန် ၁၈ ဒီဂရီ ဆယ်ဆီရပ် ကနေ ၂၂ ဒီဂရီ ဆယ်ဆီရပ် က ညဘက် သက်တောင့်သက်သာ အိပ်စက်အနားယူနိုင်ဖို့ အဆင်ပြေဆုံး အပူချိန်တွေပါပဲ။ညဘက် အိပ်စက်တဲ့အခါ ခန္ဓာကိုယ်အပူချိန်က ကျဆင်းလာနိုင်တဲ့အတွက် အိပ်ရာစဝင်ဝင်ချင်းမှာ အေးသွားအောင် လေအေးပေးစက်ကို အပူချိန် အလွန်လျော့ချတာမျိုး ရှောင်သင့်ပါတယ်။

၃။ အခန်းတွင်း စူးရှတဲ့ မီးအလင်းရောင် မတပ်ဆင်ထားပါနဲ့
ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့ မယ်လတိုနင် လိုအပ်ပါတယ်။စူးရှပြီး အလင်းအားကောင်းတဲ့ မီးအလင်းရောင်က မယ်လတိုနင် ထွက်ရှိမှုကို အနှောက်အယှက်ပေးနိုင်လို့ အိပ်ခန်းအတွင်း မီးသီးတပ်ဆင်တဲ့အခါ မှိန်ဖျော့ဖျော့ အလင်းရောင် ထွက်တဲ့ မီးသီးမျိုးကိုသာ တပ်ဆင်ပါ။

၎။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အိပ်ရာအသုံးအဆောင်များ ရွေးချယ်ဝယ်ယူပါ
လူတစ်ယောက်အတွက် အိပ်စက်ခြင်းက ဘဝရဲ့ အချိန် တစ်ဝက်လောက် ကို သုံးထားရလို့ အိပ်ရာအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေကို ဝယ်ယူတဲ့အခါ ငွေကို မနှမြောသင့်ပါဘူး။မွေ့ယာကို ခါးမနာစေတဲ့ မွေ့ယာမျိုး ရွေးချယ်ရပါမယ်။အိပ်ရာခင်း နဲ့ စောင်ကို အပူအအေး မျှတတဲ့ အသားစမျိုး ရွေးချယ်ရပါမယ်။ခေါင်းအုံး နဲ့ ဖက်လုံးတွေကို ပျော့လွန်းတာမျိုး တောင့်တင်းလွန်းတာမျိုး ရှောင်ရပါမယ်။ခေါင်းအုံး တစ်လုံးကို ခေါက်ချိုးချိုးပြီး အပေါ်မှာ စာအုပ်တစ်အုပ်ကို တင်ကြည့်ပါ။ခေါင်းအုံးက ပြန်ကန်ထွက်ပြီး စာအုပ်က အောက်ကို ပြုတ်ကျသွားတယ် ဆိုရင် အဲဒီ ခေါင်းအုံးမျိုးကို ရွေးချယ်သင့်ပါတယ်။

၅။ အိပ်ခန်းကို အနံ့အသက် ကောင်းအောင်ဖန်တီးပါ
မိုးတွင်းဘက်မှာ စိုထိုင်းထိုင်း မှိုနံ့ တွေ စွဲနေတာက ရေရှည်မှာ ကျန်းမာရေးအတွက် မကောင်းပါဘူး။အိပ်ခန်း အနံ့အသက်ကောင်းအောင် နေသာတဲ့နေ့ခင်းမှာ ပြတင်းပေါက်တွေ ဖွင့်ထားပေးပါ။ခေါင်းအုံးစွပ် ၊ အိပ်ရာခင်း ၊ စောင် တို့ကို ပုံမှန် လျှော်ဖွတ်ပေးပါ။အိပ်ခန်းထဲ အစားအသောက် စားတာမျိုး မလုပ်ပါနဲ့။အိပ်ခန်းရနံ့ သင်းပျံ့အောင် မိမိကြိုက်နှစ်သက်တဲ့ အခန်းတွင်းဆွတ် spray ဖြန်းတာမျိုး ၊ ရနံ့ မွှေးတဲ့ diffuser ဖြစ်ဖြစ် အမွှေးနံ့ stick ထွန်းထားတာ ဖြစ်စေ ၊ ရနံ့မွှေးတဲ့ ပန်းအိုးထိုးထားတာ ဖြစ်စေ၊ အိပ်ခန်းရနံ့ မွှေးအောင် လုပ်ဆောင်နိုင်ပါတယ်။

၆။ လျပ်စစ်သံလိုက် လိုင်းတွေနဲ့ ကင်းအောင် အိပ်စက်ပါ
wifi စက်တွေ ၊ smart phone တွေ ၊ tablet တွေက လျပ်စစ်သံလိုက် လိုင်းတွေ ထွက်တဲ့ ပစ္စည်းတွေ ဖြစ်လို့ ဦးနှောက်ရဲ့ အိပ်စက်ခြင်း လုပ်ငန်းစဉ် ကို အနှောက်အယှက်ပေးနိုင်ပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်စွာ အိပ်စက်ချင်ရင်တော့ ဒီပစ္စည်းတွေကို အိပ်ခန်းကနေ ဝေးဝေးမှာ ထားသင့်ပါတယ်။
ဒီ အချက် ၆ ချက်က သိကောင်းသိနေနိုင်ပေမယ့် လက်တွေ့လုပ်ဖို့ ခက်ခဲနေတတ်လို့ လူတွေမှာ အိပ်စက်ခြင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်နေကြရတာပါ။ကျန်းမာစွာ အိပ်စက်ချင်ရင်တော့ အိပ်ခန်းကို ဒီ အချက် ၆ ချက် နဲ့ ကိုက်ညီအောင် ကြိုးစားပြင်ဆင်လိုက်ပါ။

25/08/2023

Q. မိုးတွင်း အစပိုင်းလောက်ကတည်းက သတိထားမိတာက မနက် အိပ်ရာက နိုးလာရင် လက် အဆစ်တွေ တောင့်တင်းပီး နာနေပါတယ်။ရောင်ချင် သလိုလို ဖြစ်နေပါတယ်။နေ့ခင်းဘက်ဆို ပြန်ကောင်းသွားပါတယ်။ လူကြီးတွေကတော့ မှင် ဖြစ်တာလို့ ‌ပြောပါတယ်။ အန္တရာယ် ရှိသလားရှင်။
A. Rheumatoid arthritis လို့ ခေါ်တဲ့ အဆစ်အမြစ်ရောင် ရောဂါ ရဲ့ အစောပိုင်း လက္ခဏာ နဲ့ ဆင်တူပါတယ်။ ကိုယ်ခံအားစနစ် ဖောက် ပြန်ပီး အဆစ်တွေမှာ ရှိတဲ့ အရိုးနုတွေကို ပျက်စီးရောင်ယမ်းလာစေတဲ့ ရောဂါ တစ်မျိုးပါ။ အမျိုးသမီး တွေမှာ အဖြစ်များပါတယ်။မနက်ဘက် အိပ်ရာထတဲ့အခါ လက်ဆစ်တွေ ရောင်ယမ်း ပီး တောင့်တင်းနေတတ်ပါတယ်။ အထွေထွေ သမားတော် တစ်ဦးဦး နဲ့ ပြသ ကြည့်ပီး သွေးစစ်တာ မျိုးတွေ လုပ်သင့်ပါတယ်။ ရောဂါနုတုန်း သေချာကုထားမှ တော်ကာ ကျပါမယ်။ လက်ဆစ်တွေ အ ပြင် တင်ပါးဆုံ တွေ ဒူးတွေပါ နာလာရင် ပိုခံရခက်ပါတယ်။လတ်တလော မောပန်းအားနည်း နေသလို ခံစားရတာ ရှိ မရှိ ဆန်းစစ် ကြည့်ပါ။ အငန် လျှော့စားပါ။ အချို လွန်ကဲတဲ့ အစားအစာ တွေကို လျှော့စားပါ။သဘာဝ အသီးအနှံ တွေကို များများစားပါ။မိုးမိမခံပါနဲ့။

24/08/2023

Q.ကျွန်မရဲ့ သားလေးကို အရပ်ရှည်အောင်လို့ နွားနို့တိုက်ပေမဲ့ သောက်ပီးရင် ဗိုက်အောင့်ပီး ဝမ်းပျက်ပါတယ်။ ကျွန်မတို့ တစ်အိမ်လုံး နွားနို့နဲ့ တည့်ပါတယ်။သားလေးကို နွားနို့ ဆက်တိုက်သင့်လားရှင့်။
A. နွားနို့နဲ့ မတည့်ရတဲ့ အ‌ကြောင်းအရင်း နှစ်မျိုးရှိပါတယ်။ပထမ တစ်မျိုးက နွားနို့မှာပါတဲ့ သ ကြားဓာတ် Lactose နဲ့ ဓာတ်မတည့်တာပါ။ Lactose ကို အူက တိုက်ရိုက်မစုပ်ယူနိုင်လို့ အူထဲကနေ Lactase အင်ဇိုင်းက glucose နဲ့ glatose အဖြစ် ‌ပြောင်းလဲပေးရပါတယ်။အကယ်၍ ကလေးရဲ့ အူက Lactase အင်ဇိုင်းကို မထုတ်နိုင်တဲ့အခါ နို့ထဲမှာပါတဲ့ Lactose က အချဉ်ဖောက်ပီး အူလမ်း‌ကြောင်း အပေါ် မအီမသာ ဖြစ်စေတာပါ။နောက်ထပ် ဖြစ်နိုင်တဲ့ အ‌ကြောင်းတစ်ရပ်ကတော့ နွားနို့မှာ ပါဝင်တဲ့ protein နဲ့ ဓာတ်မတည့်တာပါ။အူက protein ကို စုပ်ယူဖို့ amino acid အ ဖြစ် ‌ပြောင်းလဲပေးရပါတယ်။ amino acid အ ဖြစ် မ ပြိုကွဲဘဲ အူထဲကို protein တွေ တိုက်ရိုက် ဝင်ရောက်သွားတဲ့အခါ ကိုယ်ခံအားစနစ် တုံ့ပြန်မှု ဖြစ်ပီး ဝမ်းလျှောတာ ၊ လေထတာ ၊ ယားယံလာတာ စတဲ့ ဓာတ်မတည့်တဲ့ လက္ခဏာ တွေ ဖြစ်လာတတ်ပါတယ်။Lactose နဲ့ ဓာတ်မတည့်တာ လောက်ပဲ ဆိုရင်တော့ နွားနို့ ပမာဏ နည်းနည်း သောက်လို့ ရပေမဲ့ protein နဲ့ ဓာတ်မတည့်တာဆိုရင် နွားနို့ အပြင် အခြား နို့ နဲ့ နို့ထွက်ပစ္စည်း အားလုံးကို ရှောင်သင့်ပါတယ်။

23/08/2023

Q. ကျွန်မရဲ့သားက အသက် ၈ နှစ်ကျော်ပါပီ။ မကြာခဏ အာသီးရောင်ပီး ဖျားပါတယ်။ရေရှည်မှာ နှလုံးရောဂါ ရနိုင်တယ် ဆိုတာ ဟုတ်ပါသလားရှင်။
A. အာသီးရောင် တာက တုပ်ကွေး ဗိုင်းရပ်စ် ‌ကြောင့် ရောင်တာဆိုရင် တုပ်ကွေး ပျောက်သွားတာနဲ့ သက်သာသွားတတ်ပေမဲ့ streptococcus လို့ ခေါ်တဲ့ ဘက်တီးရီးယားတွေ အာသီးတစ်ဝိုက်မှာ စုပြုံတည်ရှိနေလို့ ရောင်တာမျိုးဆိုရင် မကြာခဏ အာသီးရောင်တတ်ပါတယ်။အဖျားမရှိတာ‌ကြောင့် လည်ပင်းနာတာကို ပေါ့ပေါ့ဆဆ နေမိတာကနေ အာသီး တစ်ဝိုက် အ ဖြူ ဖတ် တွေ ထွက်လာပီး အာသီး ပြည်တည်နာတွေ ဖြစ်တတ်ပါတယ်။အဲဒီ ပိုးတွေက အာသီးကနေ ရွေ့လျားပြီး အဆစ်တွေကို ရောက်ရှိသွားတဲ့အခါ အဆစ်အမြစ်ရောင် လေးဖက်နာ ရောဂါကို ဖြစ်စေပါတယ်။ပိုးတွေက နှလုံးအဆို့ရှင်မှာ သွားရောက်စုဝေးသွားရင် ရေရှည်မှာ နှလုံးအဆို့ရှင် ပျက်စီးပီး နာတာရှည် နှလုံးရောဂါ ဖြစ်သွားနိုင်ပါတယ်။ဒါ‌ကြောင့် ကလေးတွေ အာသီးရောင်ရင် မပေါ့ဆသင့်ပဲ ထိထိရောက်ရောက် ကုသသင့်ပါတယ်။အာသီးရောင်တာ မဖြစ်အောင် ကာကွယ်နည်းကတော့ တစ်ကိုယ်ရည် သန့်ရှင်းမှု အလေးထားပါ။လက်ဆေးပါ။ဖုန်ထူထပ်တဲ့ နေရာသွားရင် mask တပ်ပါ။ရာသီဥတု ပူနေတဲ့ အချိန် ရေခဲရေ မသောက်ပါနဲ့။အေးနေတဲ့ အချိန် ခံတွင်း ‌ခြောက်သွေ့မှု မရှိအောင် ရေ နွေးသောက်ပေးပါ။အားရှိတဲ့ အစားအစာတွေ စားသုံးပြီး ကိုယ်ခံအားကောင်းအောင် နေပါ။

22/08/2023

Q. ဝှေး‌စေ့ ညာဘက် ခြမ်းက လမ်းလျှောက်ရင် နာနေတာ တစ်ပတ်လောက်ရှိပါပီ။ဆီးသွားရင် လည်း အောင့်ပါတယ်။စိုးရိမ်ရလား ခင်ဗျ။
A. ကပ်ပယ်အိတ် ရောင်ယမ်း တာလို့ ထင်ပါတယ်။ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယား ပိုးဝင်တဲ့အခါ ယောင်ရမ်းတတ်ပါတယ်။ လက္ခဏာ တွေကတော့ ကပ်ပယ်အိတ် ရောင်ပြီး အရွယ်အစား ကြီးလာခြင်း ၊ ထိလိုက်ရင် နာကျင်ခြင်း ၊ ဆီးသွားရင် နာကျင် ခြင်း ၊ လိင်ဆက်ဆံရင် နာကျင်ခြင်း ၊ ဆီးသွားရင် ပြည် ထွက် ခြင်း၊ အဖျားငွေ့ငွေ့ ရြှိခင်း တို့ ဖြစ်နိုင်ပါတယ်။ပါးခြိမ့် ရောင် ရောဂါ ဖြစ်တဲ့ အခါ ကပ်ပယ်အိတ် ရောင်တတ်ပါတယ်။ STD လို့ ခေါ်တဲ့ လိင်ဆက်ဆံတာကနေတဆင့် ကူးစက်တတ်တဲ့ ပိုးတွေ ဝင်ရင်လည်း ကပ်ပယ်အိတ်ရောင်တတ်ပါတယ်။မသန့်ရှင်းတဲ့ လက်တွေ ၊ ပစ္စည်းတွေနဲ့ တစ်ကိုယ်ရည် အာသာ‌ဖြေ ခြင်း တွေကလည်း ကပ်ပယ်အိတ်ရောင်နိုင်ပါတယ်။ဆင်‌ခြေထောက် ရောဂါပိုး ‌ကြောင့်လည်း ကပ်ပယ်အိတ် ရောင်နိုင်ပါတယ်။ ဖြစ်ပွားရတဲ့ အ‌ကြောင်းအရင်းကို လိုက်ပီး ပိုးသတ်ဆေးကို ရွေးချယ်သောက်သုံးရတာ ဖြစ်လို့ ဆရာဝန် နဲ့ သေချာ ပြသပီး ကုသမှု ခံယူရင် ပျောက်ကင်းနိုင်ပါတယ်။ကပ်ပယ်အိတ်ရောင် နေချိန်မှာ လမ်းကြာ ကြာ လျှောက်တာမျိုး၊ လိင်ဆက်ဆံတာမျိုး ကို ခဏ ရပ် ထားသင့်ပါတယ်။တတ်နိုင် သလောက် လှဲလျောင်း နေသင့်ပီး ရောင်နေတဲ့ ဝှေးစေ့ အောက်မှာ ခေါင်းအုံး ပျော့ပျော့လေး ခု ပြီး အိပ်သင့်ပါတယ်။ အကိုက်အခဲ ပျောက်ဆေး ၊ အရောင်လျော့ဆေး တို့ကို သောက်သုံးနိုင်ပါတယ်။

20/08/2023

Q.ကလေးတွေ သွေးလွန်တုပ်ကွေး ဖြစ်ရင် ဘယ်လို အ‌ခြေအနေမျိုးမှာ ဆေးရုံတင်သင့်လဲ။
A.သွေးလွန်တုပ်ကွေး ရောဂါ မှာ အဆင့် ၃ ဆင့် ရှိပါတယ်။ ပထမ အဆင့်က တုပ်ကွေးရောဂါ နဲ့ ‌ဆင်တူ တဲ့ ဖျားနာမှု အဆင့်ပါ။ကိုယ်ပူ ခြင်း ၊ ကိုယ်လက် ကိုက်ခဲ ခြင်း စတဲ့ လက္ခဏာ တွေကို ၃ ရက် ကနေ တစ်ပတ်အတွင်း ခံစားရတတ်ပါတယ်။ ကိုယ်ခံအားကောင်းသူ ကလေး အချို့က ဒီအဆင့်မှာ သက်သာပျောက်ကင်းသွားနိုင်ပေမဲ့ ကလေးအများစုကတော့ ကော်ဖီရောင်အရည် တွေ အန်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ကလေးက အရမ်းအန်ပီး နုံးလာ ပြီဆိုရင် ဆေးရုံတက် ကုသမှု ခံယူသင့်ပါ ပြီ။ ဘာ‌ကြောင့်လဲဆိုတော့ ဒုတိယ အဆင့် shock လက္ခဏာ တွေ ဖြစ်လာနိုင်လို့ပါ။ သွေးလွန်တုပ်ကွေးရောဂါက သွေးအတွင်းက သွေးဥမွှားတွေကို ပျက်စီးစေပီး သွေးရည်ကြည်တွေကို သွေး‌ကြောကနေ စိမ့်ထွက်သွားစေကာ ပုံမှန် မဟုတ်တဲ့ သွေးစေးပျစ်မှု ဖြစ်ပေါ်လာပါတယ်။ သွေးစေးပျစ်မှု ‌ကြောင့် သွေး‌ကြောတွေ ပေါက်ပီး shock ရနိုင်ပါတယ်။ shock ရခါနီးမှာ ကလေးဟာ ရုတ်တရက် ကိုယ်အပူချိန်ကျသွားပီး ‌ခြေဖျားလက်ဖျားတွေ အေးစက်လာတတ်ပါတယ်။မိဘ တွေက ကလေး ကိုယ်ပူကျသွားလို့ ပေါ့ပေါ့ဆဆ ထားမိတတ်လို့ ကလေး အသက် ဆုံးရှုံးသွားနိုင်တဲ့ အဆင့်ပါ။ဒီလို အ‌ခြေ အနေမှာ ဆေးရုံတက်ပီး ဆေးသွင်းတာ သွေးသွင်းတာ စတဲ့ လိုအပ်တဲ့ ကုသမှုကို ခံယူနိုင်ရင် အသက်ဆုံးနိုင်ချေ လျော့နည်းပေမဲ့ ကံမကောင်းရင် သေဆုံးနိုင် ချေ ရှိလို့ shock အဆင့်မတိုင်မီ အဖျားကြီး ပီး အန်နေတဲ့ အချိန်မှာ ကတည်းက ဆေးရုံတက် ကုသနိုင်ရင် ပိုကောင်းပါတယ်။ တတိယ အဆင့် ဖြစ်တဲ့ ပြန်ကောင်းလာတဲ့ အ‌ဆင့်မှာတော့ ကလေး တစ်ကိုယ်လုံးမှာ အနီစက် အနီပျဉ် တွေ ထွက်လာတာမျိုးပါ။ဒီ လက္ခဏာ တွေ ပေါ်လာပီ ဆိုရင်တော့ ရောဂါ သက်သာလာပြီလို့ ကောက်ချက်ချနိုင်ပါတယ်။

27/04/2023

Q. အစားအသောက် မှား တာနဲ့ သွေးပေါင်တက် လာလို့ သွေးစစ်လိုက်တာ သွေးထဲမှာ cholesterol များနေတယ် လို့ အ‌ဖြေထွက်ပါတယ်။ cholesterol များနေရင် ဘာတွေ ဖြစ်တတ်ပါလဲ။
A. ကိုလက်စထရော (cholesterol) ဆိုတာ အဆီဓာတ် အမျိုးအစား တစ်ခုပါ။ကိုလက်စထရောတိုင်း မကောင်းတာတော့ မဟုတ်ပါဘူး။ HDL လို့ ခေါ်တဲ့ ကောင်းတဲ့ ကိုလက်စထရော နဲ့ LDL လို့ ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စထရော ဆိုပီး ကိုလက်စထရော နှစ်မျိုး ရှိပါတယ်။HDL ကိုလက်စထရော က ချေဖျက်လွယ်တဲ့ အဆီအမျိုးအစား ဖြစ်ပီး ခန္ဓာကိုယ် ရဲ့ စွမ်းအင် သုံးစွဲမှု မှာ အကူအညီပေးပါတယ်။ LDL ကိုလက်စထရော ကတော့ ချေဖျက်ရခက်တဲ့ အဆီ အမျိုးအစား ဖြစ်ပီး သွေး‌ကြော နံရံ တွေမှာ အဆီချိုး အဆီခဲ တွေ ဖြစ်လာစေပါတယ်။ သွေး အဆီဓာတ် (lipid profile) စစ်တဲ့အခါ အနည်းဆုံး ၉ နာရီကနေ ၁၂ နာရီထိ အစာ ဖြတ်ထားပီး သွေးဖောက်ကာ သွေးထဲမှာ HDL ပမာဏ၊ LDL ပမာဏ၊ Total cholesterol ပမာဏ၊ Triglycerides ပမာဏ တို့ကို စစ်ဆေးပေးပါတယ်။LDL နဲ့ Triglycerides ပမာဏ မြင့်နေရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။ သွေးထဲမှာ အဆီစုနေပီ ဆိုတဲ့ သဘောပါ။ဒါဆိုရင် နှလုံး သွေး‌ကြောကျဉ်း ရောဂါ၊ ဉ်ီးနှောက် သွေး‌ကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ သွေးခဲ ပိတ် ပီး လေ ဖြန်းခြင်း ၊ ကိုလက်စထရော တွေ ‌ကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြင်း စတဲ့ ရောဂါ တွေ ဖြစ်လာနိုင်လို့ အဆီချဆေးတွေ သောက်ရပါမယ်။ သွေးပျစ်နေရင် သွေးကျဲဆေးတွေ သောက်ရပါမယ်။ သွေးပေါင်တက်နေရင် သွေးကျဆေးတွေ သောက်ရပါမယ်။အဆီ လျော့စားရပါမယ်။လေ့ကျင့်ခန်း လုပ်ပီး အဆီချရပါမယ်။ကိုလက်စထရော ပမာဏ ကိုလည်း ထပ်ခါ ထပ်ခါ ပြန်လည် စစ်ဆေးဖို့ လိုအပ်ပီး သွေးသွင်း LDL cholesterol ပမာဏ ပုံမှန် ရောက်သွားရင်တော့ ဆေးသောက်တာတွေ ရပ်လို့ရပါပီ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon